ချင်းအမျိုးသား အဖွဲ့ချုပ် (CNO) တည်ထောင်ချိန် နှစ်နှစ်အတွင်း တပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံး

RFA Burmese
2023.05.22
ချင်းအမျိုးသား အဖွဲ့ချုပ် (CNO) တည်ထောင်ချိန် နှစ်နှစ်အတွင်း တပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံး သေဆုံးသွားသည့် ချင်းအမျိုးသား ကာကွယ်ရေးအဖွဲ့ CNDF တပ်ဖွဲ့ဝင်တစ်ဦး၏ စျာပန အခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့က တွေ့ရစဉ်။
Chin National Organization

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ခုခံစစ် စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက် နေ့အထိ နှစ်နှစ်အတွင်း တိုက်ပွဲတွေကြောင့် ချင်းအမျိုးသား အဖွဲ့ချုပ် (CNO) တပ်အဖွဲ့ဝင် ၃၂ ဦး သေဆုံးခဲ့တယ်လို့ CNO က မေလ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းတာကို လက်မခံဘဲ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသား ကာကွယ်ရေးအဖွဲ့(CNO/ CNDF)ကို ဖွဲ့စည်းခဲ့ပြီး ရရာလက်နက်နဲ့ စစ်ကောင်စီတပ်ကို ခုခံတော်လှန်ခဲ့တာဟာ အခုဆိုရင် နှစ်နှစ်ပြည့်ခဲ့ပြီလို့ ချင်း အမျိုးသား အဖွဲ့ချုပ်က ပြောပါတယ်။

CNO/CNDF ဟာ ဖလမ်းမြို့နယ်အတွင်းမှာ အခြေချကာ စစ်ကောင်စီတွေကို ခုခံ‌တိုက်ခိုက်နေတဲ့ တော်လှန်ရေး အဖွဲ့တစ်ခု ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ သေဆုံးခဲ့တဲ့ CNDF တပ်ဖွဲ့ဝင်တွေအတွက် မေလ ၂၁ ရက်နေ့ကို ချင်းအမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ချင်းပြည်နယ် တစ်ခုလုံးမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့ပေါင်း ၁၈ ဖွဲ့ရှိပါတယ်။

စစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေမှာ ချင်းဒေသကာကွယ်ရေး အဖွဲ့ဘက်က တော်လှန်ရေး တပ်ဖွဲ့ဝင် ၃၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်းတင်မီထွဋ်က RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။