တိုက်ပွဲဖြစ်နေတဲ့ ဖလမ်းမြို့အတွင်း သွားလာခြင်း မလုပ်ဖို့ CNDF တားမြစ်
2024.12.13
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့အတွင်းကို သွားလာမှုတွေ မလုပ်ကြဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဒီဇင်ဘာ ၁၃ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖလမ်းမြို့မှာ ချင်းညီနောင်နဲ့ မဟာမိတ်တွေက Operation CB စစ်ဆင်ရေးတိုက်ပွဲ ဆင်နွှဲနေတဲ့ အချိန်ဖြစ်တာကြောင့် လုံခြုံရေးနဲ့ စစ်ရေးအခြေနေအရ မြို့တွင်းကို စစ်ဆင်ရေး တိုက်ပွဲဝင်သူတွေမှအပ မြို့ထဲကို ဝင်ထွက်သွားလာခွင့်မပြုတာ ဖြစ်တယ်လို့ဆိုပါတယ်။
အရေးပေါ်ကိစ္စနဲ့ ဖလမ်းမြို့ထဲ ဝင်ထွက်ဖို့ရှိရင်သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူတွေကို အကြောင်းကြားဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြို့သိမ်းတိုက်ပွဲစတဲ့ အချိန်ကတည်းက မြို့ကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖလမ်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"နို၀င်ဘာ ၉ရက်က တိုက်ပွဲစဖြစ်တဲ့ အချိန်ကတည်းက ဖြတ်ခွင့်မပေးတော့တာပါ။ ဖလမ်းမှာ ပိတ်မိတဲ့ကားတွေလည်း နောက်ပြန်လှည့်ပြီး မဟာမြိုင်ဘက်ကနေ ပြန်ဆင်းကြရတာ။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ"
ချင်းညီနောင်တပ်တွေ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ မင်းတပ်နဲ့ ဖလမ်းမြို့ မှာ နိုဝင်ဘာ ၉ရက်နေ့ကစပြီး ဒီနေ့အထိ တစ်လကျော်တိုက်ပွဲ ဆက်ပြင်းထန်နေပြီး မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲခုခံနေသလို ဖလမ်းမြို့ကိုခုံခံဖို့ စစ်ကောင်စီတပ်က ကလေးမြို့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထန်တလန်မြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ချင်းပြည်ကောင်စီတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ချင်းတော်လှန်ရေးတပ်တွေက ပြောပါတယ်။
ချင်းပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ချင်းပြည်နယ်မှာ မတူပီ ၊ တွန်းဇံ၊ ကျီခါးမြို့၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူခွာ စတဲ့ မြို့ ၁၁ မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။