ကျောက်မီးသွေးကိစ္စ လေးပွင့်ဆိုင်တွေ့ဆုံ
ကျောက်မီးသွေးကို ကြိုက်နှစ်သက်လို့ မဟုတ်ဘဲ ကရင်ပြည်နယ် လျှပ်စစ်မီးရရှိပြီး ဒေသဖံ့ွဖြိုးဖို့အတွက် စေတနာနဲ့ ဆောင်ရွက်တာဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် က ဒီနေ့ ပြောကြားခဲ့ပါတယ်။
ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်က ဆောက်လုပ်ဖို့ လက်ခံထားတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းကို ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ကန့်ကွက်နေတာကြောင့် အစိုးရ၊ တိုယိုထိုင်းကုမ္ပဏီ၊ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့တွေ ပါဝင်တဲ့ လေးပွင့်ဆိုင်တွေ့ဆုံပွဲကို ဒေသခံဆရာတော် တွေဦးဆောင်မှုနဲ့ ဘားအံမြို့ ကြားတောရကျောင်းမှာ ဒီနေ့ ပထမဆုံးအကြိမ် စကားဝိုင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဦးဆောင်တဲ့ဆရာတော်တွေကို တိုင်တည်ပြီး ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီစီမံကိန်းအပေါ် ရာနှုန်းပြည့်ထောက်ခံမှုရမယ်လို့ မျှော်လင့်မထားဘဲ အကောင်းဆုံးကြိုးစားတာသာဖြစ်ကြောင်း ဆရာတော်တွေအနေနဲ့ အမှန်တရားဘက်က ရပ်တည်ဆောင်ရွက်ပေးဖို့လည်း ပြောကြားခဲ့ပါတယ်။
စကားဝိုင်းကို KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဂျော်နီလည်း တက်ရောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံသားပိုင် တိုယိုထိုင်းကုမ္ပဏီဟာ မြေဧက ၁ထောင်နီးပါးမှာ မဂ္ဂဝပ် ၁၂၈၀ ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ လျာထားပြီး ဆန်းစစ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
ဒေသခံတွေဘက်ကလည်း ကျောက်မီးသွေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်မှုတွေကို ပြောခဲ့ကြပါတယ်။
ဒေသခံရွာသားတွေဟာ ကျောက်မီးသွေးစက်ရုံကြောင့် လယ်မြေတွေဆုံးရူံးမှာ တောတောင်တွေဆုံးရှုံးမှာ ကျောက်မီးသွေးဆိုးကျိုးတွေ ခံစားရမှာ စိုးရိမ်နေကြတာဖြစ်ပါတယ်။
အစိုးရအဖွဲ့နဲ့ လွှတ်တော်ဘက်က ဒေသခံတွေဆန္ဒကို နားထောင်ပေးဖို့ ရှိ မရှိ ဒေသခံတစ်ယောက်က မေးမြန်းရာမှာ ဘားအံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က သူတို့အနေနဲ့ လက်ရှိမှာ ဒေသခံတွေကို ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ချပြတဲ့အနေထားပဲ ရှိသေးကြောင်း ပြောခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးအဖြေရှာဖို့ ကြားတောရကျောင်းတိုက်ဆရာတော် ဦးစန္ဒာဝရက တိုက်တွန်းခဲ့ပါတယ်။