ဆူနာမီလှိုင်းရန်မှ မြန်မာသင်္ဘောသားများကို ကယ်တင်

မြန်မာ သင်္ဘောသား ၁၂ ယောက်ပါတဲ့ သင်္ဘောတစီးကို ဂျပန်ငလျင်ကြောင့် နောက်ဆက်တွဲ လိုက်လာတဲ့ ဆူနာမီ ရေလှိုင်း ဘေးရန်ကနေ ဂျပန်ကမ်းခြေစောင့်တပ်က ကယ်ဆယ်နိင်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။

2011.03.15
japan_quake_plane_305_z ဂျပန်နိုင်ငံတွင် ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဆူနာမီငလျင်ကြီး လှုပ်ခတ်သွားပြီးနောက် လေဆိပ်တခု အပြင်ဘက်ရှိ အပျက်အစီးများ အကြားတွင် လေယာဉ်ငယ်တစင်း ရောက်ရှိနေသည်ကို တွေ့ရပုံ။ (Photo: AFP)
AFP

သင်္ဘောအမည်မှာ MV Golden Grace ဖြစ်ပြီး ပနားမားနိုင်ငံအလံ လွှင့်ထူထားကာ ဓာတုပစ္စည်းတွေ တင်ဆောင်တဲ့ သင်္ဘော ဖြစ်ပါတယ်။၊

မြန်မာသင်္ဘောသား ၁၂ ယောက် အပြင် တောင်ကိုရီးယား ၆ ဦးလည်း ပါဝင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ အဖွဲ့ ဥက္ကဋ္ဌ ကိုသူရက ပြောပါတယ်။

“အဲဒီ သင်္ဘောက ခရှီးမား ဆိုတဲ့ နေရာနားလောက်မှာ ဒီ ဆုနာမိကြောင့်ပေါ့လေ ပျက်စီးတော့မဲ့ အနေအထားမှာ ဒီ coast guard ကနေပြီးတော့ ဂျပန်ရဲ့ coast guard ကနေ ကယ်တင်နိုင်ခဲ့တယ်ပေါ့လေ။ နောက် သင်္ဘောပေါ်မှာ ပါလာတဲ့ ကိုရီးယား ၆ ယောက်ရယ်၊ ဗမာ ၁၂ ယောက်ရယ်ပေါ့လေ၊ အားလုံး သင်္ဘောသားအားလုံး လုံလုံခြုံခြုံ ဘေးအန္တရာယ် ကင်းကင်းရှင်းရှင်း ရှိတဲ့အကြောင်း ပါလာတယ်ပေါ့လေ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဖွဲ့အနေနဲ့ပေါ့လေ၊ ဒီ သင်္ဘောသားတွေရဲ့ မိသားစုတွေ ကိုယ့် သင်္ဘောသား သားတွေ ဘေးကင်းလုံခြုံမှု ရှိကြောင်း ဆိုတဲ့ဟာကို ကျွန်တော်တို့ သိစေချင်တာပေါ့လေ။”

မြန်မာနိုင်ငံက သင်္ဘောသားတွေရဲ့ မိဘဆွေမျိုး သားချင်းတွေ စိတ် ပူပင်သောက ရောက်နေမှာ စိုးရိမ်လို့ ခုလို အကြောင်းကြားခဲ့တာလို့ ကိုသူရပြောပါတယ်။၊

အမည်စာရင်း အတိအကျနဲ့ ပတ်သက်လို့တော့ ကိုသူရက အခုလို ဆက်ရှင်းပြသွားပါတယ်။

“ငလျင်ရယ်၊ ဆုနာမိရယ် ဖြစ်တာကြောင့် ထိခိုက်သွားတဲ့ သင်္ဘော စာရင်းရယ်၊ သင်္ဘောပေါ်မှာ ပါတဲ့ ဒီ သင်္ဘောသားတွေ၊ ဥပမာအားဖြင့် ဂျပန်တွေလည်း ပါတယ်ပေါ့နော်၊ တရုတ်တွေလည်း ပါတယ်ပေါ့လေ၊ ပြီးလို့ရှိရင် ဖိလိပိုင်တွေလည်း ပါတယ်၊ ဆိုတဲ့ အနေအထားလောက် ဘယ်နှစ်ယောက်ပါတယ် ဆိုတဲ့ အနေအထားရယ်၊ ဘယ်နေရာနားမှာ ဖြစ်တာလဲ ဆိုတဲ့ ဟာရယ်၊ သူတို့ ကယ်တင်ထားလိုက်နိုင်တယ် ဆိုတဲ့ဟာရယ်၊ အဲလောက်ပဲ ပါသေးတယ်ခင်ဗျ။ ဆိပ်ကမ်း နာမယ်ပေါ့နော်၊ ပြီးရင် ဒီ crew တွေရဲ့ အရေအတွက်ပေါ့လေ။ ပြီးရင် ဘာကုမ္ပဏီက သင်္ဘောလဲ ဆိုတဲ့ ဟာပေါ့လေ။ အဲလိုမျိုးဟာပဲ ပါတယ်။”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။