ကိုကိုးကျွန်း ကြိုတင်မဲ ဟိုင်းကြီးကျွန်းက လူတွေ လာထည့်


2015.11.04
cocoisland-press-620.jpg ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးမယ့် NLD ကိုယ်စားလှယ်လောင်းတွေ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းစဉ်
ဓါတ်ပုံ - မမိုးကလျာဦး/RFA

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်မှာ အင်္ဂါနေ့က ကြိုတင်မဲ စတင်ပေးရာမှာ မဲလာပေးသူ ၅၆ ဦးဟာ ဟိုင်းကြီးကျွန်းမှာ နေထိုင်သူတွေဖြစ်တယ်လို့ မဲရုံကိုစောင့်ကြည့်နေတဲ့ NLD ပါတီဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်မြေ ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLDပါတီ ကိုယ်စားလှယ် ဦးဝင်းကိုကို က အခုလို ပြောပြပါတယ်။

"ကိုကိုးကျွန်းမှာနေတဲ့သူတွေမဟုတ်ဘူး ဟိုင်းကြီးမှာနေတဲ့သူတွေ သင်္ဘောကြီးနဲ့ခေါ်လာတယ် ၊ ခေါ်လာပြီးတော့ ဒီမှာ ကိုကိုးကျွန်းမှာရှိတဲ့ နေရာတွေမှာထားတယ်၊ အဲ့ဒီမှာရှိတဲ့သူတွေက ဒီကလူတွေမဟုတ်ဘူး၊ ဟိုင်းကြီးကနေ ဈေးလာဝယ်တဲ့ မိန်းမတွေပေါ့နော်၊ အခုကြိုတင်မဲ ဒီနေ့လာပေးတဲ့သူတွေ ဟိုင်းကြီးကလူတွေပါ"

ကိုးကိုးကျွန်းမှာ ထုတ်ပြန်တဲ့မဲစာရင်းမှာ ဟိုင်းကြီးကျွန်းက လူ ၁၉၁ ဦး ပါနေတာဖြစ်ပြီး သူတို့ဟာ ကိုးကိုးကျွန်း မဲစာရင်းမှာပါနေသလို ဟိုင်းကြီးကျွန်းမဲစာရင်းမှာလည်း ပါနေတာကြောင့် ကာယကံရှင် နှစ်သက်ရာမှာ မဲပေးနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုးကိုးကျွန်းမဲဆန္ဒနယ်မြေမှာ နေထိုင်တဲ့ တပ်မတော်သား စာရင်းအတိအကျမသိရဘဲ တပ်သား ၆ဝဝ ကျော် စာရင်းတင်ထားတာကြောင့် မြို့နယ်အတွင်းရှိ လူဦးရေရဲ့ထက်ဝက်ဟာ တပ်မတော်သားဖြစ်နေ တယ်လို့ ဦးဝင်းကိုကိုက ပြောပါတယ်။ ဒါပေမဲ့လက်တွေ့မှာ တကယ်တန်းရှိနေတဲ့ တပ်မတော်သား အရေအတွက်ကိုလည်း အတိအကျ မသိရှိရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ကိုကိုးကျွန်းမှာနေထိုင်တဲ့ ပြည်သူတွေကို တယ်လီဖုန်းကတဆင့် စကားပြောဖို့ စီစဉ်ထားပေမဲ့ တယ်လီဖုန်းလိုင်း လုံးဝမရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်ကို ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ ထပ်ဆင့် ထုတ်လွင့်ချက်ကို ကိုကိုးကျွန်းက ပြည်သူတွေ ကြားသိခွင့်ရရှိခဲ့ပါတယ်။

ဒီအကြောင်း NLDပါတီ ကိုယ်စားလှယ် ဦးဝင်းကိုကို ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။