သီပေါနဲ့ ကျောက်မဲမြို့နယ်က ရွာတွေမှာ RCSS တပ်သားစုဆောင်းနေ


2019.05.20
rcss-ssa-622.jpg ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ ကျောက်မဲမြို့နယ်ကြား အုံမုကျေးရွာအုပ်စုထဲက ပန်ခါး၊ မန်လွယ်နဲ့ နမ့်ယွန်း စတဲ့ ပလောင်ရွာတွေမှာ RCSS/SSA က လာရောက်ပြီး လူသစ်စုဆောင်းနေတဲ့အတွက် ဒေသခံအတော်များများ သီပေါနဲ့ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းလောက်က လာရောက်စုဆောင်းတာဖြစ်ပြီး ကျေးရွာအုပ်စုတစ်ခုကို လူ အယောက် ၄၀ ပေးရမယ်လိုဆိုတဲ့အတွက် ကျေးရွာလူကြီးတွေက တောင်းပန်တာကြောင့် ၂၅ ယောက်ကို မေလ ၁၅ ရက်နေ့ RCSS/SSA အဖွဲ့ဆီကို လာပို့ရမယ်လို့ တောင်းထားတာလို့ ပန်ခါး ရွာသား တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ လည်း အစိုးရတပ်မတော်က အုန်းမုရွာဖက်ကို ချီတက်လာတဲ့အချိန်ဖြစ်သွားလို့ RCSS အဖွဲ့ဆီ ပို့ရမယ့်လူတွေကိုလည်း မပို့တော့သလို RCSS အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ ပြန်ငြိမ်သွားတယ်လို့ ပြောပါတယ်။

ရွာမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေသာ အိမ်စောင့်အဖြစ် ကျန်ခဲ့ကြပြီး လက်ရှိကျောက်မဲမြို့ ပေါ်မှာ အိမ်ထောင်စု ၄၀ လောက်က သူတို့ရွာကို မပြန်ရဲကြသေးဘူးလို့ သူတို့ကိုကူညီပေးနေသူတွေက ပြောကြပါတယ်။

RCSS/SSA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ လူသစ်စုဆောင်းတယ်ဆိုတဲ့ ကိစ္စကို မသိဘူးလို့သာ ဖြေကြားခဲ့ပါတယ်။

RCSS/SSA အဖွဲ့ထဲမှာ သုံးပုံ တစ်ပုံလောက်က ပလောင်တိုင်းရင်းသားတွေဖြစ်ကြပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း အခုလိုပဲ မန်လွယ်ရွာမှာ လူသစ်စုဆောင်းတဲ့အနေနဲ့ ၁၀ ယောက် ကျော်ပေးရမယ်လို့ တောင်းခဲ့တာမျိုးရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။