စလေမြို့မှာ စစ်မှုထမ်းဖို့လူသစ်စုဆောင်းမှု ခပ်စိပ်စိပ်လုပ်လာကြောင်း ဒေသခံတွေပြော
2024.06.16

မကွေးတိုင်း၊ ချောက်မြို့နယ် စလေမြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းတာတွေကို ပျူစောထီးအဖွဲ့ကဦးဆောင်ပြီး ခပ်စိပ်စိပ်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စလေမြို့မှာ လူသစ်စုဆောင်းမှုကို ပျူစောထီးခေါင်းဆောင် ဦးမိုးအောင်ဆိုသူက အဓိကဦးဆောင်နေတာဖြစ်ပြီး ဇွန်လ ၉ ရက်နေ့ကလည်း လူငယ်နှစ်ဆယ်ခန့်ကို စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်း ပျူစောထီးအဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီး လူသစ်စုဆောင်းဖို့ နာမည်စာရင်းကောက်တာတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"ပျူစောထီးခေါင်းဆောင် မိုးအောင်နဲ့ အုပ်ချုပ်ရေးမှူးတွေက နာမည်စာရင်းကောက်တာကို ကြိုက်သလိုကို လုပ်နေကြတာ။ နာမည်စာရင်းပါတဲ့ သူတွေထဲမှာ ပိုက်ဆံရှိသားသမီး တစ်ယောက်မှမပါဘူး အကုန်လုံးက လက်လုပ်လက်စား သမားတွေပဲ။ ပြီးခဲ့တဲ့ရက်ကပဲ လူငယ်နှစ်ဆယ်လောက်ကိုလည်း ဖမ်းပြီး ချောက်ဘက်ကို ပို့လိုက်တယ်"
စစ်မှုထမ်းဖို့ နာမည်စာရင်းမှာပါသူတွေကို မထွက်ပြေးဖို့ ခြိမ်းခြောက်တာ၊ သတိပေးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
RFA ကပြုစုထားတဲ့စာရင်းအရ နိုင်ငံတစ်ဝန်းမှာ စစ်မှုထမ်းဥပေဒကြေညာပြီးနောက် လူငယ်တွေအများအပြား ဖမ်းဆီးခံခဲ့ရသလို လူသစ်စုဆောင်းရာမှာ ပါဝင်ကူညီနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၃ ဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။