နေပြည်တော်မှာ ပိုးတွေ့လူနာ နေ့စဥ်တိုးနေ


2020.09.18
npt-corona-check-622.jpg နေပြည်တော် စီလမ်းဆုံ အဝင်ဂိတ်မှာ ၂၀၂၀ ဧပြီ ၁၄ရက်နေ့က ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်နေစဉ်
Photo: Thet Su Aung / RFA

နေပြည်တော်မှာ ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းထိ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ရှစ်ဦး ထပ်တိုးလာပြီး ပိုးတွေ့သူ စုစုပေါင်း ၆၅ ဦးရှိတယ်လို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က ပြောပါတယ်။

ပိုးတွေ့လူနာတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ အများဆုံး ကုသပေးနေတာဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်က ကုတင် ၃၀၀ ဆေးရုံမှာလည်း လူနာ ခုနှစ်ဦးကို ကုသပေးနေတယ်လို့ ဒေါက်တာမျိုးစုကြည်က ပြောပါတယ်။

နေပြည်တော်မှာ ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့အထိ အသွားအလာကန့်သတ် စောင့်ကြည့်ခံရသူ ၁၀၅၉ ဦးရှိနေပြီး ရွာတော်တည်းခိုရိပ်သာ၊ စည်ပင်ဧည့်ရိပ်သာနဲ့ ဆေးရုံတွေ၊ ဟိုတယ်တွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲရှိရာ နေရာတွေမှာ ထားရှိတယ်လို့ သိရပါတယ်။

ကန့်သတ်စောင့်ကြည့်ထားသူ ၁၀၅၉ ဦးထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာနဲ့ အနီးကပ်နေထိုင်ခဲ့သူ ၅၁၀ ဦး၊ ပြည်ပကပြန်လာသူ ၁၄၀ နဲ့ ပြည်တွင်းခရီးသွား ၃၃ ဦးပါဝင်ပါတယ်။

ဒုညွှန်ချုပ်နဲ့အထက် အစိုးရအရာရှိတွေနဲ့ နိုင်ငံတကာ သံတမန်တွေကိုတော့ ဟိုတယ်တချို့မှာ အသွားအလာ ကန့်သတ်ထားရှိပါတယ်။

နေပြည်တော်က ပိုးတွေ့လူနာတွေနဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်သူတွေကို ကုသပေးရာမှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်ချက်တွေရှိပေမယ့် ရှိတဲ့ လူအင်အား၊ ဆေးဝါး စက်ပစ္စည်းအင်အားနဲ့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဒေါက်တာမျိုးစုကြည်က ပြောပါတယ်။

အစိုးရရုံးစိုက်ရာ နေပြည်တော်ကို ဝင်လာသူအားလုံးကို၊ အသွားအလာ ကန့်သတ်စောင့်ကြည့်တဲ့ နေရာတွေမှာ အရင်ဆုံံးထား၊ ဆေးစစ်ပြီး ပိုးမတွေ့မှသာ ဝင်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီက စက်တင်ဘာ ၂ ရက်နေ့က အမိန့်စာထုတ်ပြန်ခဲ့ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ ဒီနေ့ မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ၊ မြန်မာတစ်နိုင်ငံလုံးမှာ ရောဂါပိုး ကူးစက်ခံရသူ ၄၂၉၉ ဦးရှိပြီး သေဆုံးသူ ၆၁ ဦး ရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။