ဝန်ကြီးဌာနပိုင်ဆိုင်မှုတွေ လွှဲပြောင်းဖို့ အဆင့်သင့်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးပြော


2015.12.12

အစိုးရသစ်ကို အာဏာလွှဲပြောင်းမယ့် မတ်လကုန်မတိုင်ခင်မှာ ဝန်ကြီးဌာနတွေအနေနဲ့ သက်ဆိုင်ရာဌာန ပိုင်ဆိုင်မှုတွေကို အခုဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး အစိုးရဆီ ပေးပို့ရမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

နေပြည်တော်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဒီကနေ့ ကျင်းပတဲ့ ဆန်စပါးမူဝါဒ ဆိုင်ရာဆွေးနွေးပွဲအပြီး ဝန်ကြီးဦးဝင်းမြင့်က သတင်းထောက်တွေကို ပြောလိုက်တာ ဖြစ်ပါတယ်။

"ကျနော်တို့ အဆင်သင့်ဖြစ်နေပြီ၊ ကျနော်တို့ ဌာနရဲ့ပိုင်ဆိုင်မှုတွေ မြေတွေကအစ အကုန်လုံး အဆင် သင့်ဖြစ်နေပြီ၊ ကျနော်တို့ဌာနရဲ့ ပိုင်ဆိုင်မှုတွေကိုလွှဲဖို့က ကျနော်တို့ကြေညာဖို့ ဒီလကုန်အပြီးလုပ်မယ်၊ အကုန်လုံး အဆင်သင့်ပဲ၊ ကျနော်တို့ ဌာနရဲ့မူဝါဒတွေကလည်း အဓိက တိတိကျကျနဲ့ အကုန်လုံးနဲ့ တိုင်ပင်လုပ်ထားတဲ့အတွက်ကြောင့်လည်း သိပ်အခက်အခဲမရှိပါဘူး"

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲရလဒ်အရ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများစုအနိုင်ရထားတာမို့ အစိုးရဖွဲ့ခွင့်ရတော့မှာဖြစ်ပါတယ်။

လက်ရှိအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှုအထောက်အကူပြုအဖွဲ့ကို သမ္မတရုံးဝန်ကြီး ဦးလှထွန်း ခေါင်းဆောင်ပြီး ဖွဲ့စည်းထားသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကလည်း ဦးဝင်းထိန် ဦးဆောင်ပြီး အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဖွဲ့စည်းထားပါတယ်။

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးတို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပြင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ပါ တွေ့ဆုံထားပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း လာမယ့်ဖေဖော်ဝါရီလ မတိုင်ခင်မှာ လွှတ်တော်သစ် ကို ခေါ်ပေးမှာဖြစ်ပြီး အဲ့ဒီလို လွှတ်တော်ခေါ်ပြီးမှသာ အစိုးရဖွဲ့နိုင်မယ်လို့ မနေ့က ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။