ကြော်ငြာနဲ့ ဗီဒီယိုကားတွေကို လူ ၃၀ ထက်မပိုဘဲ ရိုက်ကူးခွင့်ပြုထား
မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း ကြော်ငြာတွေနဲ့ ဗီဒီယိုကားတွေကို လူဦးရေ ၃၀ ထက်မပိုဘဲ ရိုက်ကူးနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးထံကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ပေးပို့တဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကလည်း အဲဒီအကြောင်းကြားစာကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်မျှဝေထားပါတယ်။
အဲဒီအကြောင်းကြာစာထဲမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ကြော်ငြာနဲ့ ဗီဒီယိုရိုက်ကူးချင်တဲ့ ထုတ်လုပ်ရေးတွေအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းတွေနဲ့အညီ သတ်မှတ်လူဦးရေ ၃၀ ထက်မပိုဘဲ ရိုက်ကူးနိုင်မယ်လို့ ပါရှိပါတယ်။
ရိုက်ကူးရေးမလုပ်ခင် အနည်းဆုံး အချိန် ၂၁ ရက် ကြိုတင်လျှောက်ထားရမှာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားပြီး ကုသရေးစင်တာတွေနဲ့ ဆေးရုံတွေက လူနာတွေကို လက်မခံတဲ့အတွက် အောက်ဆီဂျင် အလုံအလောက်မရဘဲ သေဆုံးမှုတွေ မြင့်တက်နေတာကြောင့် ဒီအကြောင်းစာအပေါ်မှာ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်
ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ရေဝေးသုဿာန်မှာ မီးသင်္ဂြိုဟ်ရမယ့်အလောင်းတွေ တန်းစီများပြားနေတာကြောင့် မြို့နယ်တွေအလိုက်ခွဲပြီး ထိန်ပင်၊ ကျီစုနဲ့ ကျူချောင် သုဿာန်တွေမှာပါ ပို့ဆောင်သင်္ဂြိုဟ်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁၄ ရက်နေ့ မနေ့ကတစ်ရက်တည်း ကိုဗစ်ပိုးတွေ့လူနာ အများဆုံးအဖြစ် ၇ဝ၈၃ ယောက်အထိ စံချိန်တင်တွေ့ရှိခဲ့ပြီး တစ်ရက်တည်းမှာတင် ၁၄၅ ယောက်သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။