ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာ စာရင်း ကော်မရှင် ထုတ်ပြန်


2015.10.12
election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက ကျေးရွာအုပ်စု ၃၀၀ ကျော်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်၊ ကရင်ပြည်နယ်က မြို့နယ် ၇မြို့နယ်နဲ့ ပဲခူးတိုင်းဒေသကြီးက မြို့နယ် ၂မြို့နယ်၊ ရှမ်းပြည်နယ်က ၁၃ မြို့နယ် နဲ့ မွန်ပြည်နယ် ၁မြို့နယ် တို့မှာရှိတဲ့ ကျေးရွာအုပ်စု ၃၀၀ ကျော်မှာ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့် ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ကြောင်း ကြေညာ ချက်မှာပါရှိပါတယ်။

ကချင်ပြည်နယ်က အင်ဂျန်းယန်၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ မိုးမောက်၊ မံစီ၊ ရွှေကူမြို့နယ်တို့ ပါဝင်ပါတယ်။ ကရင်ပြည်နယ်က ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်ကြီး၊ ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန် နဲ့ ပဲခူးတိုင်းဒေသကြီးက ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်တို့ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် ပန်ဆန်း၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန်း၊ မိုင်းလား စတဲ့မြို့နယ် ၅ခုမှာလည်း ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေညာချက်မှာပါရှိပါတယ်။

အရင်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၃၃၀ က မဲဆန္ဒနယ် ၁၁၇၁ ခုမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်တယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ နိုင်ငံရေးပါတီ ၁၈ ပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ တံဆိပ်တွေ ဆင်တူရိုးမှားဖြစ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ခွဲခြားသိနိုင်ဖို့ အခက်အခဲတွေရှိနေပြီး မဲဆန္ဒရှင်တွေကြားထဲမှာလည်း ဘယ်ပါတီ ဘယ်တံဆိပ်ဆိုတာ ခွဲခြားသိသူတွေ ရှိသလို မသိသူတွေလည်း ရှိနေပါတယ်။

အာအက်အေ သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။