ကချင်မှာ ပယ်ချခံ ကိုယ်စားလှယ် ၄ ဦး ကော်မရှင် ပြန်ခွင့်ပြု


2015.09.04

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်နဲ့ ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက ပယ်ချထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦးက အယူခံဝင်ရာမှာ အဲ့ဒီထဲက ၄ ဦးကို ပြည်နယ်ကော်မရှင်က ဒီနေ့ ရွေးကောက်ပွဲဝင်ခွင့်ပြုလိုက်ပါတယ်။

မတရားအသင်းနဲ့ ဆက်သွယ်တာ၊ မှတ်ပုံတင်မှားနေတာဆိုတဲ့ အချက်တွေနဲ့ ပယ်ချထားတာကို ၄ ရက်ကြာ စိစစ်ပြီးတဲ့နောက် အဲ့ဒီသတ်မှတ်ချက်တွေနဲ့ ငြိစွန်းမှုမရှိဘူးလို့ ဆုံးဖြတ်ပြီး ရွေးကောက်ပွဲဝင်ခွင့်ပြုလိုက်တာလို့ ကချင်ပြည်နယ် ကော်မရှင် ဥက္ကဌ ဦးမောင်မောင်ကွန်းက ပြောပါတယ်။

"အားလုံးသူတို့က ကိုယ်စားလှယ်လောင်းအဖြစ် တင်မြှောက်ပိုင်ခွင့်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်၊ ကျနော်တို့ အထောက်အထားတွေ အများကြီးရှာရတယ်၊ ရှာပြီးတော့ အဲ့ဒါကို အထပ်ထပ်စစ်ဆေးတော့ ကျနော်တို့တွေ့ရှိ ချက်တွေကိုတော့ နောက်ဆုံးအမိန့်ချလိုက်တာ၊  သုံးယောက်ကိုတော့ မတရားအသင်းနဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ပါပါတယ်၊ တစ်ယောက်ကတော့ မှတ်ပုံတင် လိမ်လည်တယ်ဆိုပြီးတော့ပါပါတယ်၊ အဲ့ဒီတော့ မဟုတ်ပါဘူး သူမမှားပါဘူး၊ နိုင်ငံသားရဲ့ အခွင့်အရေးမဆုံးရှုံးရအောင် ဥပဒေနဲ့အညီ ကျနော်တို့ က ဆောင်ရွက်ပါတယ်"

မူလက ကေအိုင်အိုနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး မတရားအသင်းနဲ့  ငြိစွန်းတယ်ဆိုတာကြောင့် ပယ်ချခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးနောင်နဂျာတန်နဲ့ ဦးအင်ဝမ်ခန်းဇော်တန်တို့ဟာ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုခံရပြီးဖြစ်ပါတယ်။

အဲ့ဒီ ၅ ဦးထဲမှာ တစ်ဦးက ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်ဖို့ရာမှာ အသက် ၂၅ နှစ် မပြည့်တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ဘူးလို့ သိရပါတယ်။ ရွေးကောက်ပွဲဝင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ ဦး၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ၁ ဦးနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ၁ ဦး ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအနှံ့မှာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချထားသူ ၈၈ ဦးရှိပြီး သူတို့ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်တွေထံ အယူခံတင်ထား သူတွေဖြစ်ပါတယ်။

သူတို့ရဲ့ အယူခံတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မရှင်တွေက ကြားနာစစ်ဆေးပြီး ဒီနေ့အထိ ယှဉ်ပြိုင်ခွင့် ရရှိသူ ၆ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။