လောင်းလုံးနဲ့ မော်လမြိုင် NLD အမတ်လောင်းတွေ တိုင်ကြားခံထားရ
2020.11.05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့ မွန်ပြည်နယ်က ဦးကိုကိုဦး၊ တနင်္သာရီ တိုင်းက ဦးဗိုလ်ထွေးတို့ဟာ အပြောအဆိုကြမ်းတမ်းတယ်လို့ စွပ်စွဲခံထားရပြီး အရေးယူပေးဖို့ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရပါတယ်။
မော်လမြိုင်ကနေဝင်ပြိုင်မယ့် NLD ရဲ့ အမတ်လောင်း ဦးကိုကိုဦးဟာ အောက်တိုဘာလ ၂၉ ရက်နေ့က ကျောက်တန်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်းနဲ့ အဖွဲ့ဝင်တွေကိုလဲပေးဖို့ လမ်းမအလယ်ကနေ ရန်တွေ့အော်ဟစ်ပြောဆိုခဲ့တယ်လို့ ကျောက်တန်းရပ်ကွက် ကော်မရှင်ဥက္ကဋ္ဌ ဦးရွှေချစ်က ပြောပါတယ်။
အဲဒီလိုအော်ဟစ်ပြောဆိုချက်တွေက မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှု ပျက်ပြားစေတာကြောင့် အရေးယူပေးဖို့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတာလို့ ဦးရွှေချစ်က ပြောပါတယ်။
“ဒါက ကျွန်တော်တို့ကော်မရှင်ကို အရှက်ခွဲတာပဲ။ ရုံးက ကျွန်တော်တို့ ဘယ်သူပါရှိတယ်။ ဘယ်လိုအချက် ရှိတယ်။ ဒါလေးတော့ လုပ်ပေးပါပြော၊ ဒီလမ်းမအလယ်မှာ ပြောတာကတော့ ကော်မရှင်ကို သက်သက်အရှက် ခွဲတာပဲ။ တိုင်ကြားစာမှာတော့ ဘာရယ် ညာရယ်တော့ မဟုတ်ဘူး။ ကျွန်တော်တို့က သူ့ကို အရေးယူပေးဖို့ လောက်ပဲ”
တိုင်ကြားခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုဦးကို RFA က လူတွေ့မေးမြန်းခဲ့ပေမယ့် တိုင်ကြားထားတဲ့အချက်အလက်ကို မသိရှိထားရသေးတဲ့အတွက် ပြန်လည်ဖြေကြားပေး ဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။
မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးလွင်ကတော့ နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲပြီးရင် ဒီကိစ္စကို စစ်ဆေးသွားမယ်လို့ ပြောပါတယ်။
“ဦးကိုကိုဦးက ကျောက်တန်းကို သွားပြီးတော့ စကားလေးတွေ အခြေအတင်ဖြစ်ကြတယ်။ ဖြစ်ကြတော့ နိုင်ဝင်ဘာလ ၄ ရက်နေ့မှာတော့ ကျောက်တန်းစာရေးက ခေါ်တွေ့ထားပြီးပြီး သူ့ရဲ့ အနေအထားကိုလည်း ကျွန်တော်တို့ မေးတယ်။ မေးတော့ သူတို့အချင်းချင်း စကားအခြေအတင်တွေ ဖြစ်ကြတယ်။ ဖြစ်တော့ ဒီဟာ လေးတွေလည်း နိုင်ဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲပြီးတာနဲ့ အားလုံးကို ကျွန်တော်တို့က အားလုံးကို ခေါ်ယူစစ်ဆေးဖို့ အကြောင်းကြားထားပြီးဖြစ်ပါတယ်”
အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဗိုလ်ထွေးလည်း တိုင်ကြားခံထားရတာပါ။
အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဦးဗိုလ်ထွေးက မဲရုံအတွင်း မလျော်သြဇာသုံးပြီး အာဏာရှင်ဆန်ဆန် ပြောဆိုခဲ့တာကြောင့် လောင်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတာလို့ မောင်းမကန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဇော်ဖြိုးက RFA ကို ပြောပါတယ်။
“သူ မဲရုံကိုလာရောက်ပြီးတော့ ပြောကြားချက်တွေကို မကျေနပ်လို့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို တိုင်ထားတယ်၊ ခရိုင်ကို တိုင်ထားတယ်၊ တိုင်းကို တိုင်ထားတယ်၊ အခု လက် တလောအချိန်မှာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကနေပြီးတော့ စေ့စပ်ညှိနှိုင်းဖြန်ဖြေးရေးအဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ကို ခေါ်ယူတွေ့ဆုံတယ်၊ တဘက်က လွှတ်တော်ကိုယ်စားလှယ်ကိုရော၊ ကျွန်တော်တို့ရော ပြောကြားချက်တွေ နားထောင်ပြီးတော့ စေ့စပ်ညှိနှိုင်းပေးတဲ့ အတိုင်းအတာမှာ ကျွန်တော်တို့တွေအနေနဲ့ လက်ခံနိုင်စရာ အကြောင်းမရှိတဲ့အတွက်ကို ဥပဒေအရ ဆက်လက်ပြီးတော့ ဆက်သွားမယ်”
လတ်တလော ကြိုတင်မဲပေးတဲ့ကိစ္စမှာ မဲလာပေးတဲ့ သက်ကြီး မဲဆန္ဒရှင်တွေအတွက် အကူခေါ်ခွင့်ပြုဖို့နဲ့ မဲဆန္ဒရှင်တွေ လိုအပ်လာရင် ကော်မရှင်အဖွဲ့ခွဲက မဲတံဆိပ်တုံးထုပေးဖို့ ဦးဗိုလ်ထွေးက တောင်းဆိုခဲ့တာဖြစ်ပြီး ဒီလိုမလုပ်ပေးရင် ကော်မရှင်ကို တရားစွဲမယ့်အကြောင်း ပြောခဲ့တာလို့ ဆိုပါတယ်။
ဦးဗိုလ်ထွေးကတော့ အမတ်လောင်းတစ်ယောက်အနေနဲ့ ဥပဒေနဲ့အညီလုပ်ဖို့ ပြောဆိုခဲ့ခြင်းအပေါ် မောင်းမကန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဘက်က မလျော်သြဇာသုံးတယ်လို့ မြင်သွားတာလို့ ယူဆကြောင်း RFA ကို ပြောပါတယ်။
“ဒါပေမဲ့ ကျွန်တော်ဘက်ကတော့ အတိုင်းအတာတစ်ခုထိ ရှိတာပေါ့နော် ဒီအတိုင်းတာ၊ ဒီအတိုင်းတာ ဆိုရင်တော့ ရတယ်ဆိုတာမျိုးတော့ ပထမ အဲလိုမျိုးတော့ရှိတာပေါ့နော်၊ ဒါပေမဲ့ အဲ့ဒီအပေါ်မှာ သူတို့ မကျေနပ်ဘူးဆိုတဲ့သဘောပေါ့၊ ရွေးကောက်ပွဲ ကော်မရှင်ဘက်က သူတို့ပြောတာကတော့ သူတို့က ဆုံးဖြတ်ပေးတဲ့အဖွဲ့မဟုတ်ဘူး၊ စေ့စပ်ညှိနှိုင်းတဲ့အဖွဲ့၊ နှစ်ဦးနှစ်ဖက်ပြေလည်ရင်တော့ အကောင်းဆုံးပဲပေါ့ အဲလိုပြောတာပေါ့နော်၊ အဲဒီတော့ တိုင်ကြားတဲ့ဘက်က သူတို့ မကျေနပ်နိုင်ဘူးပေါ့၊ တိုင်တဲ့သူက သူတို့ သဘောမတူဘူးဆို ဆက်သွားပေါ့ ဒါပဲရှိတာပေါ့၊ သူကတိုင်တယ်ဆိုမှတော့ ကျွန်တော်က ဆက်ပြီးလိုက်ရှင်း ရမှာပေါ့”
ဒီလိုတိုင်ကြားထားတာနဲ့ ပတ်သက်ပြီး မောင်းမကန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ NLD ကိုယ်စားလှယ် လောင်း ဦးဗိုလ်ထွေးတို့ကို နိုဝင်ဘာ ၄ ရက်နေ့က လောင်းလုံမြို့နယ် ကော်ရှင်အဖွဲ့ခွဲရုံးက ညှိနှိုင်းဖြေရှင်း ပေးခဲ့ရာမှာတော့ ပြေလည်မှု မရခဲ့ကြပါဘူး။
ဒါကြောင့် မောင်းမကန် ရွေးကောက်ပွဲကော်မရှင်ဘက်က ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒီလိုတိုင်ကြားထားတာနဲ့ ပတ်သက်ပြီး မောင်းမကန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ NLD ကိုယ်စားလှယ်လောင်း ဦးဗိုလ်ထွေးတို့ကို နိုဝင်ဘာ ၄ ရက်နေ့က လောင်းလုံးမြို့နယ် ကော်ရှင်အဖွဲ့ခွဲရုံးက ညှိနှိုင်းဖြေရှင်းပေးခဲ့ရာမှာတော့ ပြေလည်မှု မရခဲ့ကြပေမယ့် နိုဝင်ဘာ ၅ရက်နေ့မှာတော့ ဦးဗိုလ်ထွေးဘက်က သူပြောဆိုခဲ့တဲ့ စကားရပ်အပေါ် ပြန်လည်တောင်းပန်ခဲ့တာကြောင့် ကျေအေးပေးခဲ့တယ်လို့ မောင်းမကန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဇော်ဖြိုးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ဒီကိစ္စနှစ်ခုကို မသိထားတဲ့အတွက် မှတ်ချက်မပြောလိုကြောင်း RFA ကို ပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD က ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)