ကိုပါကြီးအမှု အပြီးသတ် အစီရင်ခံစာ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့


2014.12.01
pargyi-corpse-305.jpg အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို နိုဝင်ဘာ ၅ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့ ရွှေဝါချောင်းကျေးရွာအနီးက လယ်ကွင်းပြင် ထဲမှာ တူးဖော်ခဲ့စဉ်
Photo: Kyaw Lwin Oo/RFA

အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်တဲ့ အပြီးသတ်အစီရင်ခံစာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ သမ္မတ ဆီ ပေးပို့လိုက်ပြီလို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဦးစစ်မြိုင်က ပြောပါတယ်။

ကော်မရှင်ရဲ့ စစ်ဆေးချက်တွေအရ ကိုပါကြီး ဟာ သေနတ်လုယူဖို့ ကြိုးစားတဲ့အတွက် ကင်းစောင့် စစ်သားက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတယ် ဆိုတာကို စစ်ဆေးတွေ့ ရှိတယ်လို့လည်း ဦးစစ်မြိုင် က ပြောပါတယ်။

အပြီးသတ်အစီရင်ခံစာ အပြည့်အစုံကို အခုအချိန်မှာ ထုတ်ပြောဖို့စောလွန်းနေသေးပြီး၊ မကြာခင်မှာ လူ့အခွင့်ရေးကော်မရှင်ရဲ့ အင်တာနက် ဝက်ဘ်ဆိုက် ကနေ အများပြည်သူကို အသိပေးထုတ်ပြန်သွား မယ်လို့လည်းပြောပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ကိုပါကြီးသေဆုံးမှုန့ဲပတ်သက်ပြီး စစ်တပ်က တာဝန်ရှိ သူ ၄၇ ဦးကို လွတ်လပ်စွာစုံစမ်းစစ်ဆေးပြီးမှ ဒီအစီရင်ခံစာကို ထုတ်ပြန်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အစိုးရ စစ်တပ်ဘက်ကတော့ ကိုပါကြီးဟာ ကရင်အစည်းအရုံး KKO အဖွဲ့ဝင်ဖြစ်ပြီး စက်တင်ဘာလ (၃၀) ရက်နေ့မှာ အစောင့်စစ်သားဆီကနေ သေနတ်လုယုထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့တာဖြစ် တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒု-ဥက္ကဌ  ဦးစစ်မြိုင်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။