ရွေးကောက်ပွဲ ရက် မရွှေ့တော့ကြောင်း ကော်မ ရှင် ကြေညာ
2015.10.13

လာမယ့်ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းတော့မှာမဟုတ်ဘဲ မူလစီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာ ၈ ရက်နေ့မှာပဲ ကျင်းပမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံဒေသအချို့မှာ ရေဘေးအန္တရာယ်အခြေအနေ၊ နယ်မြေအေးချမ်းမှု အနေအထားအရ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနိုင်မှု အခြေအနေ၊ မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်မှု အခြေအနေတွေအပေါ် သုံးသပ် ပြီး၊ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို အနည်းငယ်ရွှေ့ဆိုင်းဖို့ သင့် မသင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီ ၁၀ ပါတီကို အောက်တိုဘာ ၁၃ ရက်နေ့က ဖိတ်ခေါ်ဆွေးနွေးခဲ့ပါတယ်။
အဲဒီလိုဆွေးနွေးရာမှာ NLD တစ်ပါတီတည်းကသာ ရက်မရွှေ့ဆိုင်းဖို့ ကန့်ကွက်ခဲ့ပြီး၊ ပြည်ခိုင်ဖြိုး၊ အမျိုးသား တိုးတက်ရေးပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတွေက ထောက်ခံခဲ့ကြပါတယ်။ အဲဒီနောက်ကော်မရှင်က ရွေးကောက်ပွဲ မရွှေ့ဆိုင်းတော့ဘဲ သတ်မှတ်ပုံမှန်ရက်အတိုင်း ဆက်လက်ကျင်းပသွားဖို့ ဆုံးဖြတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို MRTV မြန်မာ့ရုပ်မြင်သံကြား က မနေ့ည ၈ နာရီ သတင်းမှာ ကြေညာခဲ့ပါတယ်။
"ကော်မတီအဖွဲ့ဝင်များရဲ့ တင်ပြချက်အရ ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းလိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို သုံးသပ်၍ ရက်ရွှေ့ဆိုင်းခြင်း မပြုတော့ဘဲ မူလသတ်မှတ်ထားသည့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကော်မရှင်၏ ဆုံးဖြတ်ချက်အား အတည်ပြုထုတ်ပြန် အသိပေးအပ်ပါသည်ဟု ဖော်ပြပါရှိပါသည်"
ကချင်ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာ မနမ်တူးဂျာကလည်း ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းလိုက်ရင် နိုင်ငံတကာမှာ မြန်မာနိုင်ငံ သိက္ခာကျနိုင်တယ်လို့ RFA ကို ပြောပါတယ်။
"လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ ကျနော်တို့နိုင်ငံအတွက် အရေးကြီးတဲ့ အပြောင်းအလဲတစ်ရပ်လို့ ထင်မြင်ယူဆရပါတယ်ခင်ဗျ၊ ပါတီတိုင်းကလည်း တော်တော်လေးကြိုးစားပြီးတော့ ရွေးကောက်ပွဲကို ကြိုတင်ပြင်ဆင်နေကြတာဖြစ်တယ်၊ ပြည်သူတွေကလည်း စောင့်မျှော်နေကြတာပေါ့လေ၊ နိုင်ငံတကာကလည်း အားလုံးစိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ အနေအထားမှာ ဒါကို ရွှေ့ဆိုင်းလိုက်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်လည်း ထိခိုက်စရာဖြစ်လာနိုင်တယ်လို့ ကျနော်သုံးသပ်တယ်၊ ဒါကြောင့် ဒါကိုသတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ကျင်းပပေးနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်မယ် လို့ မြင်ပါတယ်"
မနေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖံ့ွဖြိုးတိုးတက်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၇ ပါတီက တက်ရောက်ခဲ့ကြပြီး၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ မတက်ရောက်ခဲ့ကြပါဘူး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ပဲခူး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခု အတွင်းက ကျေးရွာအုပ်စု ၄ဝဝ နီးပါးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမရှိတာကြောင့်၊ အဲ့ဒီနေရာတွေမှာ မကျင်းပတော့ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။