ရခိုင်မှာ ပဋိပက္ခအပြီး နှစ် ဘက်ပြန်လည်သင့်မြတ်ရေး အလှမ်းဝေးနေသေးကြောင်း CDNH အဖွဲ့ပြော
2015.10.23
ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေးဆိုတဲ့ စကားလုံးကိုသုံးပြီး မွတ်စလင်နဲ့ ရခိုင် တိုင်းရင်းသားတွေ နှစ်ဘက် စလုံးက လက်မခံနိုင်သေးဘဲ လက်တွေ့ လုပ်ဆောင် ဖို့ဆိုရာမှာလည်း အခက်အခဲတွေ ရှိနေဆဲဖြစ်ကြောင်း ကွဲပြားခြားနားမှုနဲ့ အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) ညွှန်ကြားရေးမှူး ဒေါက် တာ ကျော်ရင်လှိုင်က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက CDNH ရုံးမှာကျင်းပတဲ့ ရခိုင်ပြည်နယ်ရဲ့လိုအပ်ချက် စစ်တမ်းစာအုပ် ထုတ်ပြန် တဲ့အခမ်းနားမှာ ဒေါ်တာကျော်ရင်လှိုင် က ပြောခဲ့တာ ဖြစ်ပါတယ်။
"ရခိုင်တိုင်းရင်းသားတွေကြားထဲမှာဆိုရင် reconciliation ဆိုတဲ့စကားလုံးကို မကြားချင်ဘူး၊ reconciliation ဆိုတာကိုလုပ်ရမယ်ဆိုရင် နေ့ချင်း၊ ညချင်း မွတ်စလင် ဘာသာဝင်တွေနဲ့ အတူယှဉ်တွဲနေ ထိုင်ရရင်၊ အရင်ကလို ပဋိပက္ခတွေဖြစ်ရင် ငါတို့တော့ ဒုက္ခပါပဲဆိုတဲ့ သဘောထားနဲ့ သူတို့ကမလုပ်ချင်တာ၊ မွတ်စလင်အသိုင်းဝိုင်းထဲ ရောက်သွားရင် သူတို့ကျတော့ ဟိုမသွားရ၊ ဒီမသွားရ၊ reconciliation တဲ့အခါ ကျမှ လုပ်လို့ရတယ်ဆိုတာသိတော့ သူတို့က reconciliation လုပ်ဖို့အဆင်သင့်ဖြစ်ပါပြီလို့ ပြောတယ်၊ တကယ့်လက်တွေ့ကျတော့ သူတို့အသိုင်းဝိုင်းထဲမှာလည်း ပြဿနာတွေက အများကြီးပဲ"
လက်ရှိ ရခိုင်ပြည်နယ်ရဲ့အခြေအနေဟာ ၂၀၁၄ ခုနှစ်ထက်စာရင် တည်ငြိမ်မှုရှိပေမယ့် ပဋိပက္ခတွေပြန်လည် ဖြစ် ပွားနိုင်တဲ့အခြေအနေတွေရှိသေးကြောင်း လည်း သတိပေး ပြောကြားပါတယ်။ လူ့အဖွဲ့အစည်း နှစ်ဘက်စလုံးဟာ တည်ငြိမ်အေးချမ်းရေးထက် သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကိုသာ အဓိကထား လုပ်ဆောင်နေတယ်လို့ လည်း ပြောပါတယ်။ ဒါ့အပြင် နှစ်ဘက်အဖွဲ့အစည်းအကြား အပြန်အလှန် ယုံကြည်မှုအားနည်း နေသလို သံသယတွေဟာ ကြီးထွားနေ ဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့၂၀၁၂ ခုနှစ်အတွင်း ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် လက်ရှိ ရခိုင်ပြည်နယ်မှာ ဒုက္ခသည် တစ်သိန်း လေးသောင်း ရှိတယ်လို့ စစ်တမ်းမှာ ထုတ်ပြန်ထားပါတယ်။
ဒေါက်တာကျော်ရင်လှိုင် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။