ကိုရိုနာအန္တရာယ်ကာလမှာ နယ်စပ်ဖြတ်ပြီး ထိုင်းမှ ပြန်လာသူ များပြား
2020.03.30
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁၀ ဦးထဲမှာ တစ်ဦးက ထိုင်းနိုင်ငံကနေ မြဝတီ နယ်စပ်ဂိတ်က ဖြတ်လာသူ ဖြစ်နေပါတယ်။ နယ်စပ်ကနေ နေ့စဉ် လူထောင်ချီ ဝင်လာတာကို မထိန်းချုပ်နိုင်ခဲ့ရင် တစ်နိုင်ငံလုံး ကပ်ရောဂါကြုံမယ့် အလားအလာ ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဓာတ်ခွဲစစ်ဆေးချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ နှစ်ယောက် ထပ်တိုးလာကြောင့် ဒီနေ့အထိ ၁၀ ယောက်ရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
မနေ့က ထပ်တွေ့တဲ့ နှစ်ယောက်ထဲက တစ်ယောက်ဟာ ၂၃ ရက်နေ့ကတည်းက မြဝတီ-မဲဆောက် ထိုင်းနယ်စပ်ကနေ ဝင်လာတာပါ။ အသက် ၄၄ နှစ်အရွယ် အမျိုးသားဟာ မတ်လ၂၅ ရက်နေ့မှာ သူနေထိုင်ရာ ရန်ကုန်က မင်္ဂလာဒုံမြို့နယ်ကို ပြန်လာပါတယ်။
နယ်စပ်မှာ စစ်ဆေးမှုပြုလုပ်မယ့် အခုလိုဗိုင်းရပ်စ်ကူးစက်ခံရသူ လွတ်သွားတာကြောင့် စိုးရိမ်မှုတွေရှိတယ်လို့ မြဝတီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။
“ရောဂါသဘောသဘာဝ ကိုယ်တိုင်က ၁၄ရက်လောက်နေ့မှ သိရတာဆိုတော့ ကျနော်တို့စစ်ဆေးတဲ့ ကာလမှာတော့ မတွေ့ရဘူးပေါ့၊ ဒါပေမဲ့ ပြည်တွင်း ဝင်တဲ့အချိန်မှာ တွေ့လိုက်ရတဲ့ အချိန်မှာလည်း မင်္ဂလာဒုံကလူနာက ပါသွားတယ်ပေါ့၊ ဒီအပေါ်မှာတော့ အားလုံးက အရင်ကထက်စာရင် ပိုစိုးရိမ်တာပေါ့”
အဲဒီ အမျိုးသားဟာ အစိုးရစီစဉ်ပေးတဲ့ကားနဲ့ မပြန်ဘဲ သာမန် ခရီးသည်တင်ကားနဲ့ ပြန်လာခဲ့တာပါ။ သူနဲ့ တစ်စီးတည်း စီးနင်းလိုက်ပါလာတဲ့ ကားမှာ ခရီးသည် စုစုပေါင်း ၅၂ ဦး ပါပါတယ်။ ကားတစ်စီးတည်း လိုက်ပါလာသူတွေနဲ့ မြဝတီမှာ သွားလာခဲ့တဲ့ နေရာတွေကို အာဏာပိုင်တွေ ဆက်လက်စစ်ဆေးနေတယ်လို့ ဦးသန့်ဇင်အောင်က ပြောပါတယ်။
မြဝတီနယ်စပ်ကနေ ပြည်တော်ပြန်လာတဲ့သူ ၁၀ ရက်အတွင်း လူဦးရေ ၂၃၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ဗိုင်းရပ်စ်ကူး စက်ခံရသူ ပါဝင်နိုင်ခြေများတာကြောင့် တစ်နိုင်ငံလုံး ကပ်ရောဂါအသွင် ဖြစ်လာမယ့် အလားအလာ များနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရောဂါပိုးမပြန့်ပွားစေဖို့ ပြည်သူတွေဘက်ကလည်း ကျန်းမာရေး ထုတ်ပြန်ချက်တွေကို လိုက်နာသင့်သလို့ အစိုးရဘက်ကလည်း လုံလောက်တဲ့ ထောက်ပံ့မှုတွေ ပေးသင့်တယ်လို့ မွန်ပြည်နယ် အရပ်ဘက်အဖွဲ့ကွန်ရက်က ဦးမင်းအောင်ထူးက ပြောပါတယ်။
“ ပွဲလမ်းသဘင်တွေကို တားဆီးတဲ့ အမိန့်တွေလည်း ထုတ်မယ်၊ အရေးယူမယ်၊ quarantineကိုတော့ လုပ်ခိုင်းတယ်၊ လိုတဲ့ဝန်ဆောင်မှုတွေလည်း ဖြည့်ပေးရမယ်၊ ကျန်းမာရေးဌာနက ဝန်ထမ်းတွေရော၊ ပါဝင်လုပ်နေတဲ့ လူတွေအတွက်ရော၊ quarantine လာနေတဲ့ သူတွေအတွက်ရော ဒါတွေအဆင်ပြေဖို့ စီစဉ်ပေးရမှာပေါ့နော်၊ အမိန့်ချည်းထုတ်ပြီးတော့မှ ပစ်ထားလို့တော့မရဘူး”
နိုင်ငံခြားက ပြန်လာသူတွေ မိမိနေအိမ်တွေမှာ ၁၄ ရက်နေထိုင်ဖို့ ညွှန်ကြားထားပေမယ့် တချို့က လိုက်နာမှု မရှိကြပါဘူး။ သီးခြားစောင့်ကြည့်ခံရသူတွေကို အစိုးရဘက်က ဥပမာ အစားအသောက်၊ နေရာထိုင်ခင်း စီစဉ်ပေးနိုင်မှု အားနည်းတယ်လို့လည်း ထောက်ပြသူတွေရှိပါတယ်။
ထိုင်းပြန်တစ်ဦးမှာ ဗိုင်းရပ်စ်တွေ့လို့ ဒေသထဲမှာပြန့်နှံ့လာမှာကို အရပ်ဘက်အဖွဲ့တွေက စိုးရိမ်နေကြတယ်လို့ မုဒုံ လူမှုကူညီရေး အသင်းက ကိုဆန်းလင်းဦးပြောပါတယ်။
“ ထိုင်းပြန် တော်တော်များများကိုခေါ်တယ်၊ မဖြစ်မနေကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ရော၊ တမြို့လုံး ပူးပေါင်းပြီး လိုက်လံခေါ်ပေးနေတာရှိတယ်၊ စိုးရမ်မှုက တစ်မြို့လုံးမှာရှိပါတယ်၊ တကယ်လို့ ဒီရောဂါ ပြန့်သွားလို့ရှိရင် မထိန်းချုပ်နိုင်မှာကြောက်လို့ ၂၃ရက်နေ့က ပြန်လာတဲ့စာရင်းတွေကို ဌာနဆိုင်ရာတွေဆီက တောင်းပြီးတော့ အဲလူတွေကို အဓိကထားတာလို့ ထိုင်းပြန်တွေကို အဓိကထားတာတို့ လုပ်ဆောင် ပေးနေပါတယ်”
ထိုင်းက ပြန်လာသူအများစုက ပဲခူး၊ကရင်နဲ့ ရန်ကုန်တိုင်းကပါ။ ထိုင်းမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ထောင်ကျော် လာနေပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချာအိုချာက ထိုင်းနိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာလိုက်တာမို့ အခုလို နယ်စပ်ဂိတ်မှာ စုပြုံလာတာလို့ သတင်းဌာနချို့က ထောက်ပြထားကြပါတယ်။
ကုမသမဂ္ဂအဖွဲ့ (UN) က မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်ရာမှာ အသုံးပြုရတဲ့ test kits အခု ငါးထောင်ကို ထောက်ပံ့ပေးဖို့ ပစ္စည်းတွေ မှာယူထားတယ်လို့ ဒီနေ့ သတင်း ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံကို ကူညီဖို့ ပညာရှင်တွေ စေလွှတ်ပေးသွားဖို့ ရှိတယ်လို့ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံတဝှမ်း ရခိုင်၊ ရှမ်း၊ ကရင်နဲ့ ကချင်ပြည်နယ် အစရှိတဲ့ဒေသတွေမှာ စစ်ဘေးကြောင့် လူပေါင်း သုံးသိန်းခွဲဝန်းကျင် နေထိုင်လျှက်ရှိကြောင်းနဲ့ တကယ်လို့ လူအချင်းချင်းကူးစက်မှု ပြည်တွင်း (local transmission) ဖြစ်ပွားလာရင် ဒုက္ခသည် စခန်းတွေလည်း အဲဒီအန္တရာယ်ကို ကြုံရနိုင်တာကြောင့် ကြိုတင်တားဆီးရေးတွေ ဆောင်ရွက်ပေးဖို့ လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အစိုးရကို တိုက်တွန်းထားပါတယ်။