ပုဒ်မ ၁၇ (၁) ပယ်ဖျက်ပေးဖို့ RCSS/SSA တောင်းဆို


2014.06.06
rcss-ssa-representative-305 RCSS/SSA ကိုယ်စားလှယ်အဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းလတ် နှင့် ဗိုလ်မှူးကြီး စိုင်းငေးတို့ကို ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Nyo Ohn Myint

အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေပြီ ဖြစ်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ် သူတွေလို့ ယူဆရသူတွေကို ဖမ်းဆီးထောင်ချလေ့ ရှိတဲ့ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁) ကို ပယ်ဖျက်ပေးဖို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/ SSA အဖွဲ့ ကိုယ်စား လှယ်တွေက တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာဆွေးနွေးစဉ် တောင်းဆိုခဲ့တာလို့ RCSS/SSA အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

"၁၇(၁) ပုဒ်မကတဆင့် ဥပဒေဖြစ်နေပါတယ်၊ အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တရားမဝင်အဖွဲ့အစည်းအနေနဲ့ တည်ရှိနေဆဲဖြစ်ပါတယ်၊ ဒါကြောင့် မတရားအသင်းကနေ ပယ်ဖျက်ဖို့အတွက် တရားအသင်းဖြစ် လာအောင် နိုင်ငံတော်အစိုးရတွေက ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်ပူးပေါင်းဆောင်ရွက်နေကြသူများ ဖြစ်ကြတဲ့ နိုင်ငံရေးပါတီတွေ၊  တသီးပုဂ္ဂလတွေ ပြည်သူ လူထုတွေ အားလုံးဒီ ၁၇(၁)နဲ့ ကင်းလွတ်အောင် အစိုးရအနေနဲ့ သီးခြားထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်"

ပုဒ်မ ၁၇ (၁) ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ ယူဆရသူတွေကို အရင်စစ်အစိုးရ လက်ထက်ကတည်းက ထောင်ဒဏ်နှစ်ပေါင်းများစွာ အပြစ်ပေးလေ့ရှိပြီး လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေသည် အထိ တည်ရှိနေဆဲဥပဒေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD cပါတီရဲ့ ကျိုင်းတုံမြို့နယ်  ပိန်းတောင့်ကျေးရွာအုပ်စု နမ့်လင်းမိုင် ကျေးရွာရုံးခွဲ ဥက္ကဌ စိုင်းဂျဲန်ကို RCSS/SSA အဖွဲ့ကို ဆက်သွယ်ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ခလရ ၂၄၅ က မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA နဲ့ အစိုးရကြား တင်းမာမှုဖြစ်ပြီး မေလ ၂၉ရက်နေ့က အမှုကို ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး RCSS/SSA အဖွဲ့က ဗိုလ်မှူးကြီးစိုင်းလှကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။