ခေါင်းဆောင် ၄ဦး တွေ့ဆုံရေး အင်းတော်၊ ကသာနဲ့ ဖျာပုံမှာ တောင်းဆိုဆန္ဒပြ


2014.04.11
kyauktan-305 ဧပြီလ ၈ ရက်နေ့က ကျောက်တန်းမြို့နယ်က ကျေးရွာ ၄၆ ရွာ ဆန္ဒပြတောင်းဆိုနေစဉ်
photo:Thin Thin Htet/RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန် ၊ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာပေး ဖို့ ဒေသခံ တစ်ထောင် နီးပါးလောက် ဒီနေ့မနက် က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

လွှတ်တော်နဲ့ အစိုးရက ပြည်သူတွေ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အသိ အမှတ် ပြုဖို့ လိုကြောင်း ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင် တဲ့ အင်းတော် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုချမ်းအောင်က ပြောပါတယ်။

"အဓိကရည်ရည်ရွယ်ချက်ကတော့ ကျနော်တို့ပြည် သူတွေဟာ အခြေခံဥပဒေကို တောင်းဆိုနေကြတယ် အဲ့ဒါကို လွှတ်တော်ရော၊သမ္မတရော သိဖို့ရာအ တွက်တောင်းဆိုနေကြခြင်းဖြစ်ပါတယ်၊ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေကို ကျနော် တို့ပြည်သူတွေကမှ မလိုချင်ဘူးဆိုတာ ပြန်လည်ဖေါ်ထုတ်ပြသနေတယ်ဗျ၊ဒါကို အဓိကလိုချင်တာ "

ဒီနေ့ဆန္ဒပြပွဲမှာ NLD ပါတီ ၊ တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အင်းတော်မြို့ နယ် ကျေးရွာ ၄၃ ရွာက ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်လောက်ပါဝင်ခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကသာမြို့မှာလည်း ရာနဲ့ချီတဲ့ ဒေသခံတွေက ဖွဲ့စည်းပုံ ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြ ပါတယ်။

အလားတူ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ NLD ပါတီဝင်တွေက ဦးဆောင်ပြီး  ဒေသခံ တစ်ထောင် နီးပါးလောက်က ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက်  ပုဒ်မ ၅၉(စ) ၊ (ဃ) တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးဟာ အန်အယ်လ်ဒီရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ဖျာပုံမြို့နယ် NLD ပါတီဝင် ကိုနိုင်လင်းထွန်းက ပြောပါတယ်။


"ပြင်ဆင်ဖို့လည်း တအားခတ်တယ်၊ပြင်ဆင်ရမဲ့အခန်းမှာကိုက လုံးဝပြင်ဆင်လို့ကို မရနိုင်လောက်အောင် ချုပ်ကိုင်ထားတဲ့ဟာမျိုးတွေရှိတယ်၊ ကျနော်တို့ဒီဆန္ဒပြပွဲလုပ်တာဟာလည်း ပါတီရဲ့မူဝါဒတွေ အကောင် အထည်ဖော်တာပေါ့ ၊လာမဲ့ရွေးကောက်ပွဲဝင်ကတည်းက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ပေးရေး၊ တရားဥပဒေ စိုးမိုးရေး၊ပြည်တွင်းငြိမ်းချမ်းရေးဆိုပြီးတော့ဝင်တာကို အဲ့လိုတရားဥပဒေစိုးမိုးပြီး ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ပွင့်လင်းမြင်သာရှိဖို့လိုတယ်၊အဲ့ဒါကြောင့် ဆန္ဒဖော် ထုတ်တာပေါ့ "

ဒီနေ့ ဆန္ဒပြပွဲကို ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲစတဲ့ မြို့နယ်တွေအပြင် အခြားမြို့နယ် အတော်များများက ဒေသခံတွေလည်း ပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။