ပုဒ်မ ၄၃၆ ပြင်ရေး ဟောပြော မည့်နေရာ အာဏာပိုင် ခွင့်မပြု
2014.06.01

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မနက်ဖြန် ချင်းပြည်နယ် ဟားခါးမြို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ကျင်းပမယ့် ေနရာကို ပြည်နယ်အစိုးရက ခွင့်ပြုချက် မပေးဘူူးလို့ ချင်းပြည်နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။
ဟားခါးမြို့ 'ကာဆင်ဟော'မှာ ဟောပြော ခွင့်တောင်း တာ ကို ပြည်နယ် ဝန်ကြီးချုပ်က ခွင့်မပြုဘူးလို့ဆိုပြီး မြို့နယ်ရဲမှူးက ပြန်လည်အကြောင်း ကြားတယ်လို့ ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဇိုဘွဲက ပြောပါတယ်။
"မြို့နယ်တောင်းတော့ မြို့နယ်ကို ဝန်ကြီးချုပ်က မပေးနဲ့လို့ဆိုပြီးတော့ အကြောင်းကြားတော့ ကျနော်တို့ ပြည်နယ်ရဲမှူးဆီကို အယူခံစာ တင်လိုက်တယ်၊ ဒါပေမဲ့ ဘာမှအကြောင်းကြားစာ မရသေးဘူး ကျနော်တို့က ဟာခါးလူထုတွေကို အကုန်လုံးစုပြီးသားဆိုတော့လေ"
အခုလို 'ကာဆင်ဟော'မှာ ဟောပြောခွင့်မရတာကြောင့် ဟားခါးမြို့နယ် ပြည်တော်သာရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မနက် ၈ နာရီကစပြီး ဟောပြောပွဲကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။