၄၃၆ ကို မပြင်ဖို့ ကြံ့ခိုင်ရေးနဲ့ တပ်အမတ်များ အပြင်းအထန် ကန့်ကွက်
2020.03.04
အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ကြိုးစားရင် စစ်ဘက်၊အရပ်ဘက် ဆက်ဆံရေး ထိခိုက်သွားနိုင်တယ်လို့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ အမတ်တွေက ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးကြပါတယ်။
NLD ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ ဒီပုဒ်မ ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်မှာဖြစ်ကြောင်း ထောက်ခံဆွေးနွေးကြပါတယ်။
NLD နဲ့ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေက အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိကကျတဲ့ ပုဒ်မဖြစ်တဲ့ ပုဒ်မ ၄၃၆ (က) နဲ့ (ခ)ကို ပြင်ဆင်ရေးမှာ တပ်မတော်ရဲ့မဲကို ဖယ်ထုတ်ပြီး ရွေးကောက်ခံ ကိုယ်စားလှယ် သုံးပုံနှစ်ပုံ ကျော်ရဲ့မဲနဲ့ ပြင်ဆင်ဖို့ လွှတ်တော်ကို တင်ပြထားတာပါ။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ကတော့ ဒီလိုကြိုးစားရင် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး ထိခိုက်သွားနိုင်တယ်၊ ၄၃၆ နဲ့ပတ်သက်ရင် တပ်ရဲ့မဲကို ဖယ်ထုတ်လို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
"ရွေးကောက်ခံကိုယ်စားလှယ် သုံးပုံနှစ်ပုံနဲ့ ပြင်မယ်ဆိုတာ လက်ရှိအနေအထားအရ အဆင်ပြေမယ် မထင်ဘူး၊ ဒါကြောင့်မို့ ကျတော်တို့ တပ်မတော်က တောက်လျှောက်ပါနေတာဖြစ်တယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာရော တည်ဆောက်ရေးမှာရောပါနေတာဖြစ်တယ် အဲလိုပါနေတာကနေ ဒီလိုတပ်မတော်သား တွေကို ရုတ်တရက် လျော့ချဖို့၊ ထွက်သွားဖို့ တပ်မတော်ပါဝင်မှုကို လျော့ချဖို့လုပ်မယ်ဆိုရင် ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ သုံးပုံနှစ်ပုံနဲ့ ပြင်မယ်ဆိုတာက သိပ်မဖြစ်နိုင်ဘူး၊ လက်ရှိ NLD ကနိုင်ထားတဲ့ လူဦးရေနဲ့ အရေအတွက်နဲ့ဆိုရင်တော့ ဒါ တစ်ပါတီကနေ နိုင်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ပြင်လို့ရမယ့်အနေအထား ဖြစ်တော့ ပြည်သူအားလုံး အစုအဖွဲ့အားလုံးကို ကိုယ်စားပြုမှာလည်း မဟုတ်ဘူး၊ ဒါကြောင့်မို့ မူလအတိုင်းပဲ ၇၅ ရာခိုင်နှုန်းကျော်နဲ့ ပြင်ဖို့ထားတာဖြစ်ပါတယ်"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကလည်း အခြေခံဥပဒေကို အလွယ်တကူ ပြင်လို့ရရင် အလွယ်ပျက်စီးနိုင်တာကြောင့် ပြင်သင့်တဲ့အချိန်မှာမှ ပြင်နိုင်အောင် ၇၅ ရာခိုင်နှုန်းကျော် ဆန္ဒမဲကို ထည့်ထားတာဖြစ်တယ်လို့ ပြောပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေက လွယ်လွယ်ပြင်လို့ရရင် လွယ်လွယ်ပျက်မှာပဲ၊ နောက်နိုင်ငံရေးပါတီတွေဆိုတာ အမျိုးသားရေးယုံကြည်ချက် ခံယူချက် ဘယ်လောက်ရှိလဲဆိုတာကိုလည်း ကြည့်ဖို့လိုတယ်၊ တက်လာတဲ့ အစိုးရတိုင်း တက်လာတဲ့ နိုင်ငံရေးပါတီတိုင်းက အဲဒီလိုပြင်နေရင် နိုင်ငံတော်ရဲ့ မူဝါဒက မတည်ငြိမ်ဘူး ဖြစ်မှာပဲ၊ နိုင်ငံတော်မူဝါဒ မတည်ငြိမ်ရင် ကျန်တာတွေလည်း အားလုံးတည်ငြိမ်မှာ မဟုတ်ဘူး၊ ဒါဆိုရင် နိုင်ငံတကာကလည်း တိုင်းပြည်အပေါ် အထင်မြင်သေးမှာပဲ၊ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်ပြင်ထိုက်တဲ့ အချိန်မှာပြင်လို့ရအောင် ၇၅ ရာခိုင်နှုန်းအပေါင်းတစ်ကို ထည့်ထားတာ ဒါကိုပြင်ဖို့ လောလောဆယ်တော့ မကြိုးစားသင့်သေးဘူးလို့ မြင်တယ်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ကတော့ ပြည်သူရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲနဲ့သာ ဆောင်ရွက်ခွင့်ရအောင် ဒီပုဒ်မကို ပြင်ဆင်ချင်ကြတာလို့ ပြောပါတယ်။
"NLD အနေနဲ့ ၄၃၆ ကို ပြင်ချင်တာက NLD အတွက်လို့ သူများတွေ ယိုးစွပ်နေပေမယ့် ဒါမဟုတ်ပါဘူး၊ တိုင်းပြည်ရဲ့အနာဂတ်အတွက် ပြင်ချင်တာပါ၊ ဥပမာ တစ်ခုပြောရရင် ၁၀၀ မှာ ၇၅ ကျပ်ပဲ ပေးထားပြီးတော့ ၇၅ ကျပ်ကျော်မှ ဒါကို ပြန်ပြီးတော့ လက်ခံမယ် ဆိုတာမျိုးဖြစ်နေတယ်၊ ဒါကြောင့်မို့ ၂၅ ရာခိုင်နှုန်း ရွေးကောက်ခံမဟုတ်တဲ့ အမတ်တွေက ထိုင်နေပြီးတော့ ဒါဒီမိုကရေစီကို သွားနေတယ်ဆိုတာကိုက လမ်းကြောင်းလွဲနေတဲ့ အခြေခံဥပဒေဖြစ်နေတယ်၊ ဒီမိုကရေစီရဲ့ အနှစ်သာရက လွှတ်တော်ပါပဲ၊ လွှတ်တော်ရဲ့ အနှစ်သာရက ရွေးကောက်ခံပဲ၊ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကသာ လွှတ်တော်ထဲမှာ ထိုင်ခွင့်ရှိပါတယ်"
ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က ဦးလမာနော်အောင်က ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်မှာသာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့ ဆွေးနွေးပါတယ်။
"ပုဒ်မ ၄၃၆ ရဲ့ မူလပြဌာန်းချက်သည် ဖွဲ့စည်းပုံပြင်ဆင်ရန် ပထမအဆင့်ဖြစ်သော လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ်များအားလုံး သဘောထား ကွဲလွဲမူမရှိ သဘောတူရင်တောင်မှ ပြင်ဆင်လို့ မရဘဲ ၇၅ % ကျော်မှ ပြင်ဆင်နိုင်မည်ဖြစ်တဲ့အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ သဘောတူမှ ပြင်ဆင်လို့ရမှာဖြစ်ပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောတူညီမှု မရရှိပါက ပြင်ဆင်ရန်လုံးဝမဖြစ်နိုင်သော ပြဌာန်းချက်ဖြစ်နေပါတယ်။ ဒါကြောင့်ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်မှ ရှေ့လျှောက်သွားမယ့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာဖြစ်လို့ ထောက်ခံဆွေးနွေးပါတယ်"
တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲဝင်စရာ မလိုဘဲ လွှတ်တော်ထဲကို ရောက်လာကြတာပါ။
အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးရာမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်၊ မဲပေးခွင့်ရသူနဲ့ မဲလာပေးသူဆိုတဲ့ စကားလုံးတွေကလည်း အငြင်းပွားစရာ ဖြစ်နေပါတယ်။
ပုဒ်မ ၄၃၆ ( က ) မှာ မူလပြဌာန်းချက်အရ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်မဲနဲ့ ပြင်ဆင်ဖို့ ဖြစ်ပါတယ်။
NLD ဦးဆောင်တဲ့ ၄၅ ဦးပူးပေါင်းကော်မတီကတော့ ပုဒ်မ ၄၃၆ နဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေကို ပြင်ဆင်လိုရင် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ သုံးပုံ နှစ်ပုံကျော်က သဘောတူပြီးရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့ ပြင်ဆင်ဖို့ တင်ပြထားပါတယ်။
လာမယ့် မတ်လ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူကြမ်းတွေကို လျှို့ဝှက်ဆန္ဒမဲပေးပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဒီနေ့ ကြေညာပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ ( က ) နဲ့ သက်ဆိုင်တဲ့ ပုဒ်မပေါင်း ၅၅ ခုရှိပြီး အဲဒီ ပုဒ်မတွေကို မဲပေးဖို့ အပိုင်း လေးပိုင်း သတ်မှတ်ထားပါတယ်။
ပုဒ်မ ၄၃၆ ( ခ) နဲ့ဆိုင်တဲ့ ပုဒ်မပေါင်း ၈၀ ရှိပြီး အပိုင်း ငါးပိုင်းခွဲလိုက်တဲ့အတွက် ဆန္ဒမဲ ငါးကြိမ် ပေးရမှာဖြစ် ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့ လျှို့ဝှက်ဆန္ဒမဲ ကိုးကြိမ်ထွက်ပြီး ပေးရမှာပါ။ ဆန္ဒမဲပေးတဲ့ လက်မှတ်တွေကို ကြီးကြပ်စစ်ဆေးဖို့ ပါတီအသီးသီးက လွှတ်တော်အမတ် ၃၂ ဦးကို ရွေးချယ်ထား တယ်လို့ နာယကက ပြောပါတယ်။
ဒီနေ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးတဲ့ ခြောက်ရက်တာ ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၂၄ ဦး ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။