အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်မှာ စတင်ဆွေးနွေး


2014.11.13
parliament-meeting-b305 ၂ဝ၁၂ ခုနှစ် ဧပြီလ ၂၃ ရက်က နေပြည်တော်တွင်ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေးပွဲကို တွေ့ရစဉ်
AFP

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော် ဝင်ရောက်ဆွေးနွေးဖို့ စာရင်းပေးထားတဲ့အထဲက ကိုယ်စားလှယ် ၁၁ ဦးက ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ စတင်ဆွေးနွေးခဲ့ကြပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်ခန့်အပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်သင့်တဲ့ပုဒ်မတွေ ကို ဆွေးနွေးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

"အခန်း ၅ က အုပ်ချုပ်ရေးအပိုင်းကနေပြီးတော့ ကျမဆွေးနွေးတာပါ၊ အဓိကက ပုဒ်မ ၂၆၁၊ ၂၆၂ ရယ်၊ ပုဒ်မ ၂၆၆ ရယ်၊ ပုဒ်မ ၂၇၁ ပါ၊ ဒီ ၄ ခုကို ဆွေးနွေး တာပါ၊ ဒီပုဒ်မတွေရဲ့ အဓိကကတော့ တိုင်းနဲ့ပြည် နယ်တွေမှာ ဝန်ကြီးချုပ်ခန့်အပ်ဖို့ရာ ဥပဒေနဲ့ စစ်ဆေးရေးပေါ့၊ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာမပါတဲ့ ဥပဒေထဲကနေပြီးတော့မှ ပြင်ဆင်စေချင်တယ်၊ ဒါမှမဟုတ်ရင် ဒီဥပဒေတွေက ဘာ့ကြောင့်ပြင်စေချင်သလဲ ဆိုတဲ့အချက်တွေကို ကျမတို့က လွှတ်တော်ထဲမှာ မူနဲ့အခြေခံသဘောတရားအပေါ်မှာ ဆွေးနွေးရမယ်"

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ အချိန် ၈ မိနစ်သာ ဆွေးနွေးခွင့်ရှိတယ်လို့ သိရပါတယ်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၅ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီစတဲ့ နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁ ဦးက ဆွေးနွေးခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမည်စာရင်းပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော်ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ နိုဝင်ဘာလ ၂၅ ရက်အထိ ၉ရက်အတွင်း အပြီးသတ်ဆွေးနွေးရ မှာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မပေါင်း ၄၅၀ ကျော်ရှိရာမှာ ပုဒ်မပေါင်း ၂၀၀ကျော်ကို ပြင်ဆင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ထံ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။