ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ပါတီများ အဖွဲ့များ ပါဝင်ဖို့ လိုအပ်
2013.09.29
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာမှာ ပြည်သူတွေပါဝင်လာဖို့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း နိုင်ငံရေး လေ့လာသူတွေက ပြောကြပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ နိုင်ငံရေးသိပ္ပံကျောင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် မူဘောင် အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းက ကိုဟန်စိုးထွန်းက အခုလိုပြောပါတယ်။
" ဒီအလုပ်ရုံဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြည်သူလူထုဘယ်လို ပါဝင်လာနိုင်မလည်း၊ ပြည်သူလူထုပါဝင်လာနိုင်မယ့် အခွင့်အလမ်းတွေက ဘာတွေလည်းပေ့ါ၊ ပြည်သူတွေ ပါဝင်လာနိုင်တဲ့လမ်းကို အဓိကထားပြီး ဆွေးနွေးတာဖြစ်ပါတယ်၊ အဓိကကတော့ လူမှုအဖွဲ့အစည်းတွေကို နိုင်ငံရေးပါတီတွေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်ပြင်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ရေးပါ"
ဒီအလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတကာက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူတွေဖြစ်တဲ့ ပါမောက္ခ ဒေါက်တာရာ့ရှ်ပါးကိုင်း(Yash Pal Ghai)နဲ့ ပါမောက္ခ ဒေါက်တာဂျေးလ်ကော့ထရယ်ဂါးလ် (Jill Contrell Ghal) တို့ကဦးဆောင် ဆွေးနွေးကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၃၀ ကျော် တက်ရောက်ကြတယ်လို့ သိရပါတယ်။