အခြေခံဥပဒေ ပြင်ဆင်ရေးအစီရင်ခံစာ လွှတ်တော်အတည်ပြု
2019.08.09

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူပေါင်းကော်မတီ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲများတဲ့အတွက် သဘောတူ အတည်ပြုလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆန္ဒမဲပေးသူ အရေအတွက် စုစုပေါင်း ၅၉၈ မဲရှိပြီး ထောက်ခံသူ ၄၀၁ ဦးနဲ့ ကန့်ကွက်သူ ၁၉၇ ဦးရှိခဲ့ပါတယ်။ ကြားနေမဲတော့ မရှိခဲ့ပါဘူး။ ကန့်ကွက်မဲပေးသူ အများစုကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။
အခုလို အတည်ပြုပြီးဖြစ်တဲ့အတွက် “အခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း” ပေါ်ပေါက်ရေး ဒုတိယပိုင်း တာဝန်ကို ၄၅ ဦးကော်မတီက ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ ပူးပေါင်းကော်မတီ အစီရင်ခံစာ တင်သွင်းစဉ်ကလည်း ဝင်ရောက်ဆွေးနွေးခြင်း မရှိတဲ့အတွက် ဒီနေ့ မဲခွဲအတည်ပြုခဲ့တဲ့ အပေါ်မှာတော့ မှတ်ချက်ပြုလိုတာ မရှိဘူးလို့ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင် ကပြောပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာမှာ ပြင်ဆင်ဖြည့်စွက်၊ ပယ်ဖျက်သင့်တဲ့ အချက်ပေါင်း ၃၇၆၅ ချက်ကို နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်တွေက အကြံပြုတင်ပြခဲ့ကြတာပါ။
ဗိုလ်မှူးချုပ် မောင်မောင်က ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ရာမှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်လာနိုင်တဲ့ ကိစ္စတွေကိုတော့ စိုးရိမ်စိတ်ရှိတယ်လို့ ပြောပါတယ်။
ဘယ်အချိန်လောက်မှာ “အခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း " အပြီးသတ်နိုင်မလဲဆိုတာကိုတော့ ညှိနှိုင်းရမှာတွေ အများကြီးရှိသေးတဲ့အတွက် အတိအကျ မပြောနိုင်သေးဘူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
ဆက်လက်ပြီး ဦးထွန်းထွန်းဟိန်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အမျိုးသားရင်ကြားစေ့ရေးအပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ကော်မတီအနေနဲ့ အစိုးရအဖွဲ့နဲ့ တိုင်းနဲ့ပြည်နယ် အစိုးရတွေ၊ လွှတ်တော် အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး အကြံပြုချက်တွေ ရယူသွားမှာဖြစ်ပြီး ဘယ်သူတွေကို ဖိတ်မလဲဆိုတာကတော့ ဆက်လက်ညှိနှိုင်းရဦးမယ်လို့ ပြောပါတယ်။ လွှတ်တော် ကိုယ်စားလှယ်မဟုတ်တဲ့၊ ပြင်ပက ပါဝင်သင့်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံပြုချက်တွေကိုလည်း ရယူသွားမယ်လို့ သိရပါတယ်။
NLD ပါတီက ပူးပေါင်းကော်မတီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခန်းကလွဲလို့ ကျန်တဲ့ကဏ္ဍအားလုံးမှာ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ဖို့ အချက်ပေါင်း ၁၁၄ ချက် တင်သွင်းထားတာဖြစ်ပါတယ်။
လွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုလျော့ချဖို့အတွက် လက်ရှိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အဆင့် ၃ ဆင့်နဲ့ လျော့ချဖို့၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ်ဆိုတဲ့ ပုဒ်မ ၂၀ အပိုဒ်ခွဲ(ဂ)ကို ပယ်ဖျက်ဖို့ NLD ပါတီက အဆိုပြုထားပါတယ်။
နိုင်ငံတော်ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိရမယ်လို့ လက်ရှိပြဌာန်းထားတဲ့ ပုဒ်မ ၃၃၈ နဲ့ နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမယ် ဆိုသည့် ပုဒ်မ ၃၃၉ ကိုလည်း ပယ်ဖျက်ဖို့ NLD က အဆိုပြုထားပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အဓိက အချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ကို တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ မဲမပါဘဲ ပြင်ဆင်ခွင့်ရဖို့ အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း အခန်း ၁၂ ပုဒ်မ ၄၃၆ က ပြဌာန်းချက်တွေကို ပြင်ဆင်လိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမယ်လို့ ပါရှိပါတယ်။
တိုင်းရင်းသားပါတီတချို့ကတော့ လွှတ်တော်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အခန်းကဏ္ဍကို ပယ်ဖျက်ပေးဖို့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက “အခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း" ရေးဆွဲဖို့ ၄၅ ဦးကော်မတီက ဆောင်ရွက်မယ့်အပေါ် သူ့သဘောထားကို ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီ အနေနဲ့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီဟာ တရားမဝင်ဘူးလို့ ကန့်ကွက်ထားပြီး ဖြစ်တာကြောင့် “အခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း" ရေးဆွဲရေးမှာ ပါဝင်ဖို့ ရှိ မရှိကို သေချာမပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာကို အကြံပြုချက် အများဆုံးတင်သွင်းတဲ့ ပါတီကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်ပြီး အကြံပြုချက် ၁၁၀၀ ကျော် တင်သွင်းထားပါတယ်။ ရခိုင်အမျိုးသားပါတီက အချက်ပေါင်း ၈၅၀ ကျော်၊ မွန်အမျိုးသားပါတီက အချက်ပေါင်း ၆၀၀ ကျော်၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက အချက် ၄၆၀ ကျော် တင်သွင်းထားတာဖြစ်ပါတယ်။
ဥပဒေကြမ်း ပေါ်ပေါက်ရေးအတွက် ကော်မတီတွင်း ဆွေးနွေးညှိနှိုင်းတဲ့အခါ ဘုံသဘောတူညီချက်တွေ ရရှိလာမယ်လို့ မျှော်လင့်ကြောင်းလည်း ၄၅ ဦး ကော်မတီမှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ်က မနေ့က သတင်းထောက်တွေကို ပြောထားပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ် ပေးပို့သည်)