ဝှိုက်ကဒ်ကို မဲပေးခွင့်ပြုတာ အခြေခံဥပဒေနဲ့ မညီကြောင်း ဖွဲ့စည်းပုံခုံရုံး ဆုံးဖြတ်
2015.02.16

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေမှာ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုတာ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ခုံရုံးရဲ့ဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ အခုလိုဖတ်ကြားခဲ့ပါတယ်။
"ယာယီသက်သေခံလက်မှတ်ဆိုသည်မှာ အကြောင်း တရားအရ အချိန်ကာလတစ်ခုအတွက် ယာယီ ထုတ်ပေးခြင်းသားဖြစ်သဖြင့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူများမှာ စိစစ်မှုခံယူရသူ များဖြစ်ပါသည်၊ ဒီအခြေအနေတွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများအား နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုဖော်ဆောင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အရေးအရာများမှာ ပါဝင်ခွင့်ပြုမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ ၊ ပုဒ်မ ၃၈ ပုဒ်မခွဲ (က) ၊ ပုဒ်မ ၃၉၁ ပါ ပြဌာန်းချက်များနှင့် ငြိစွန်းနေပြီဖြစ်ပါသည်"
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပတဲ့အခါ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပေးဖို့ သူရဦးရွှေမန်းက ခုံရုံးထံတင်ပြထားတာဖြစ်ပါတယ်။
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုတဲ့အပေါ် ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်က မြို့အတော်များများမှာ ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။
အဲဒီဥပဒေကို ဒီလ ၂ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပြီး ဒီလ ၁၃ ရက်နေ့က အစိုးရသတင်းစာတွေမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။