ကိုရိုနာဗိုင်းရပ်စ် လူနာအမှတ် ၁၇ ကွယ်လွန်
2020.04.07
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ လူနာအမှတ် ၁၇ ဖြစ်တဲ့ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဒီမနက် သေဆုံးသွားပြီလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။
ကျန်းမာရေးဌာန အရာရှိတစ်ဦးကလည်း လူနာဟာ ဒီနေ့မနက် ၃:၄၀ အချိန်က ပြည်ဆေးရုံမှာ ကွယ်လွန်ခဲ့တာလို့ ပြောပါတယ်။
“ကိုဗစ်19 ကြောင့် သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးရခြင်း ဖြစ်ပါသည်” လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးက သူ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။
လူနာအမှတ် ၁၇ ဟာ ရောဂါအခြေအနေဆိုးတာကြောင့် ပြည်ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ နှစ်ရက်လောက် ကုသမှုခံယူခဲ့သူပါ။
သူဟာ လူနာအမှတ် ၁၅ ဖြစ်တဲ့ သူ့ဇနီးသည်ဆီကနေ ကူးစက်ခံရတာလို့ သိရပါတယ်။
အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဦး ရှိလာပါပြီ။
ပထမဆုံး သေဆုံးသူကတော့ ရန်ကုန် မင်္ဂလာတောင်ညွှန်မြို့နယ်က အသက် ၆၉နှစ်အရွယ် လူနာအမှတ် ၅ ဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူစဉ် မတ်လ ၃၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။