ရန်ကုန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ခုနှစ်ရာကျော်ပြီ


2020.09.09
checking-health-car-622.jpg ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်က ရွေ့လျားမော်တော်ယာဉ်ပေါ်မှာ ကျန်းမာရေးစစ်ဆေးခံနေသူတစ်ဦးကို ၂၀၂၀၊ စက်တင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ဇာဏီထွဏ်း/ RFA

ရန်ကုန်တိုင်းတတိုင်းလုံးမှာ ပိုးတွေ့လူနာ ၇၂၅ ယောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ (၉) ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရသိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ပိုးတွေ့လူနာ အများဆုံးရှိတာဖြစ်ပြီး ဒီကနေ့ညအထိ ၁၇၇ ယောက်ရှိသွားပြီဖြစ်ပြီးတော့ သေဆုံးသူတစ်ယောက်ရှိပါတယ်။ ဒုတိယအများဆုံး အင်းစိန်မှာ ၈၁ ယောက်ရှိပြီး၊ လှိုင်မှာ ၇၂ ယောက်နဲ့ တတိယအများဆုံးဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲက ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူတွေကို ဖောင်ကြီးက ရောဂါကုသရေးဌာနမှာ အများဆုံးထားတာဖြစ်ပြီး လက်ရှိ ၅၆၀ ကျော်ရှိနေပါပြီ။

ဒီဖောင်ကြီးရောဂါကုသရေးဌာနမှာ နေရာမလုံမလောက်ဖြစ်လာနိုင်တာကြောင့် ယာယီဆေးရုံ တိုးချဲ့ထားနိုင်မယ့် ကြိုတင်အစီအစဉ်တွေကို ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးဦးဆောင်တဲ့ အွန်လိုင်းအစည်းအဝေးမှာ ဒီကနေ့ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းထဲမှာ အသွားအလာကန့်သတ်ခံရတဲ့သူတွေ များလာတာကြောင့် ရန်ကုန်က အားကစားရုံတွေကို အသွားအလာကန့်သတ်ရေး စင်တာအဖြစ်ထားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ခံရတဲ့သူတွေရဲ့ (၇၀) ရာခိုင်နှုန်းကျော်ဟာ ရောဂါလက္ခဏာမပြဘဲ ရောဂါကူးစက်ခံနေရသူတွေ ဖြစ်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့လည်း သတိပေးထားပါတယ်။

အခုအချိန်ထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၂ ယောက် ရှိသွားပြီဖြစ်ပြီးတော့ တနိုင်ငံလုံးမှာ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း (၁၈၈၉)ယောက်ရှိသွားပါပြီ။ ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၅၅၃ ယောက် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။