ကူးစက်မှုတစ်ခုကြောင့် ကျုံပျော်ကော်မရှင်ရုံး အဝင်အထွက်ကန့်သတ်
2020.11.05
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အရာရှိတဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတဲ့အတွက် အုပ်ချုပ်ရေးမှူးရုံး နဲ့ တွဲလျက်ဖွင့်ထားတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့ကို အသွားအလာ ကန့်သတ်လိုက်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ နီးသည်ထက် နီးကပ်လာချိန်မှာ ဖြစ်ပေါ်လာတဲ့ ကန့်သတ်မှုကြောင့် ကျုံပျော်မြို့ နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲတွေ့နေရပါတယ်။
ကျုံပျော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ရုံးခန်းဟာ အသွားအလာ ကန့်သတ်ထားလိုက်ပြီဖြစ်တဲ့ ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထဲမှာ ဖွင့်လှစ်ထားတာပါ။ အဲဒီရုံးခန်းမှာ သက်ဆိုင်ရာ စာရွက်စာတမ်းတွေ၊ ဝန်ထမ်းပြောင်းရွှေ့နေရာချဖို့ အခက်အခဲ ဖြစ်နေရတာပါ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို အစီရင်ခံထားတယ်လို့ ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်နိုင်ဦး က ပြောပါတယ်။ ကျုံပျော်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရဲ့အဖွဲ့ဝင်ခြောက်ဦးထဲက ၅ ဦးဟာ အဲဒီရုံးထဲမှာ အလုပ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးဌာန အရာရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့တဲ့နေ့ဟာ နိုဝင်ဘာလ ၁ ရက်နေ့ ဖြစ်ပါတယ်။
အသွားအလာကန့်သတ်ထားတဲ့ အဲဒီရုံးကို ရပ်ကျေးကော်မရှင်တာဝန်ရှိသူတွေကလည်း မလာရဲကြသလို ကျုံပျော်မြို့နယ်ထဲမှာ တိုက်နယ်ငါးခုရှိတဲ့အထဲက တိုက်နယ်နှစ်ခုက မဲစာရင်းတွေလည်း မထုတ်ရသေးဘူးလို့လည်း ဦးဇော်နိုင်ဦးက ပြောပါတယ်။
“ရွေးကောက်ပွဲလုပ်ဖို့ ဒီလောက် နီးကပ်တဲ့အချိန်မှာ ကျုံပျော်မှာ ဒီလိုအခြေအနေ ဖြစ်တဲ့အတွက်ကြောင့် ကျုံပျော်မှာ ရွေးကောက်ပွဲလုပ်ဖို့ အရမ်းကို ခက်ခဲနေတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ အစိုးရအဖွဲ့က လိုအပ် တာတွေ ကူညီဆောင်ရွက်ပေးဖို့ဆိုပြီးတော့ သွားပြီးတော့ တင်ပြတယ်၊ ညှိနှိုင်းတယ်”
တိုင်းအစိုးရကို တင်ပြထားလို့ မြို့နယ်ကော်မရှင်အဖွဲ့ဝင်တွေကို ဆေးအမြန်ဆုံး စစ်ဆေးပြီး ရွေးကောက်ပွဲ ကျင်းပလို့ရအောင် ဆောင်ရွက်နေတယ်လို့ ပုသိမ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောပါတယ်။
“အဲ့ဒါကတော့ ကျနော်တို့က ကိုဗစ်ကော်မတီနဲ့ အကုန်ညှိပြီး လုပ်ရမယ့်သဘောပါပဲ။ လောလောဆယ်က သံသယနဲ့ လုပ်ထားတဲ့ ဝန်ထမ်းတွေနဲ့ ကော်မရှင်အဖွဲ့ဝင်တွေကို ဆေးအမြန်စစ်ပြီးတော့ ဒါနဲ့ ပတ်သက်ပြီး Clear ဖြစ်အောင် ဆောင်ရွက်ခိုင်းထားပါတယ်။ အဲ့ဒါမှ ကျနော်တို့ ဆက်လုပ်လို့ရမှာပေါ့။ ဒါကိုလည်း တိုင်းဆရာဝန်ကြီးက တိုက်ရိုက် ညွန်ကြားပြီး ဆောင်ရွက်နေပါတယ်”
ရွေးကောက်ပွဲက နီးကပ်လွန်းနေပြီဖြစ်လို့ ကော်မရှင်အဖွဲ့ဝင်တွေ ပိုးမတွေ့ရင် စောင့်ကြည့်ရေး စင်တာမှာ ၁၄ ရက် မစောင့်တော့ဘဲ ဆေးစစ်တဲ့အဖြေပေါ်မူတည်ပြီး ဆက်လုပ်မှာ ဖြစ်တယ်လို့ ဦးတင့်လွင်က ဆက်ပြောပါတယ်။
ကပ်ဘေးကာလ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကျုံပျော်လို အခက်အခဲမျိုး ဘယ်မြို့နယ်တွေမှာ ဖြစ်ပွားနေသလဲ ဆိုတာ မသိရသေးပါဘူး။
ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲဖြစ်နေတဲ့ ကျုံပျော်မြို့နယ်မှာ မဲဆန္ဒရှင်စုစုပေါင်း တစ်သိန်းကိုးသောင်းကျော် ရှိပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ အပါအဝင် ပါတီ (၉) ခုက ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အလားတူပဲ ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် မဲရုံအမှတ် (၆) အတွက် ကြိုတင်မဲ လိုက်လံ ကောက်ခံခဲ့တဲ့ မဲရုံမှူး ၊ ဒုမဲရုံမှူး နဲ့ ရပ်ကျေးကော်မရှင်တွေပါဝင်တဲ့ ကြိုတင်မဲကောက်ခံတဲ့အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက အတည်ပြုလူနာဖြစ်လာမယ့် အသက် ၈၄ နှစ်အရွယ် အဘိုးအိုအိမ်မှာ ကြိုတင်မဲကောက်ခံခဲ့ပြီးနောက် အသွားအလာ ကန့်သတ် နေထိုင်ခဲ့ကြရတာပါ။ နိုဝင်ဘာလ ၄ ရက်နေ့က စစ်ဆေးခဲ့ရာမှာ မဲရုံမှူး၊ ဒုမဲရုံမှူး နဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ဝင် နဲ့ အထူးရဲ တစ်ဦး အပါအဝင် (၇) ဦး တို့မှာ ပိုးတွေ့ခဲ့တာပါ။
မဲရုံမှူး နဲ့ ဒုမဲရုံမှူး တို့လည်း ပိုးတွေ့လူနာထဲမှာပါသွားတာကြောင့် သူတို့နေရမှာအစားထိုးဖို့ မြို့နယ် ကော်မရှင်ကို တင်ပြထားတယ်လို့ အမှတ် (၁) ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းဦးက ပြောပါတယ်။
“အဲဒီအတွက် အစားထိုးဖို့ မြို့နယ်ကော်မရှင်ကို ပြောပြီးပြီ။ အခုက မဲရုံမှူးရော၊ ဒုမဲရုံမှူးရော၊ နှစ် ယောက်စလုံးပါသွားတယ်။ ပါသွားတဲ့အတွက်ကြောင့် အဲ့ဒီဟာကို အစားထိုးဖို့ မြို့နယ်ကော်မရှင်နဲ့ လက်ရှိဆောင်ရွက်နေတယ်ပေါ့နော်။ ပညာရေးဌာနကနေပြီးတော့ ဆောင်ရွက်ပေးပါလိမ့်မယ်။ “
ကြိုတင်မဲကောက်ခံတဲ့သူတွေထဲမှာ ပိုးတွေ့လူနာရဲ့ အိမ်ထဲကို မဝင်ဘဲ ခြံအပြင်မှာ စောင့်နေတဲ့သူတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်တွေ့ခဲ့တာလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ္ဋ် က ပြောပါတယ်။
“အဲဒီမှာ ခုနှစ်ယောက်လုံးက အထဲကို ဝင်တာမဟုတ်ဘူး။ အဲဒီထိတွေ့တဲ့ဟာက အဘိုးကြီးဆီက တကယ်လား။ ဒါမှမဟုတ်ရင် သူတို့လာတဲ့ အဖွဲ့ထဲမှာ ပါနေတာလား။ ဒါကတော့ ဆရာတို့ မပြောတတ်ဘူး။ လောလောဆယ် လက်ရှိအနေအထားအရတော့ ၃၀ ရက်နေ့ မှာ အဘိုးကြီးဆီက ကြိုတင်မဲကောက်၊ ၃၁ ရက်နေ့မှာ အဘိုးကြီး Positive ဖြစ်၊ သူတို့ကို ကွာရန်တင်းထား ငါးရက်ပြည့်တော့ ပြန်စစ်တော့ သူတို့ Positive ဖြစ်တယ်ပေါ့”
ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက်က ဆန်စက်တစ်ခုကနေတစ်ဆင့် ရပ်ကွက်အတွင်း ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်တာတွေ ဖြစ်နေတာပါ။ ကြိုတင်မဲကောက်ခံတာတွေ ရပ်ထားရတဲ့ ၁ ရပ်ကွက် မဲရုံအမှတ် ၆ မှာ ဆန္ဒမဲပေးမယ့်သူ စုစုပေါင်း ၁၅၀၀ ကျော်ရှိပြီး လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရပ်ကွက်ဓမ္မာရုံမှာ မဲရုံဖွင့်လှစ်ထားမှာဖြစ်ပါတယ်။
ပိုးကူးစက်မှုတွေရှိနေတဲ့ ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက်ထဲမှာ မဲရုံ ၁၂ ရုံရှိပြီး မဲဆန္ဒရှင် တစ်သောင်းခြောက်ထောင်ကျော်ရှိတယ်လို့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။
------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)