နိုင်ငံတစ်ဝန်း အိုမီခရွန်ပိုးတွေ့သူ ၃၅၀ နီးပါးရှိလာ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ပိုးကူးစက်ခံရသူဟာ ဖေဖော်ဝါရီလ ၃ ရက် မနေ့ကအထိ ၃၄၈ ဦး ရှိပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ပိုးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ယူအေအီးနိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသား လေးဦးမှာ ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် အချိန်တစ်လကျော် အတွင်းမှာ အခုအရေတွက်ထိ တိုးလာတာပါ။
ပိုးကူးစက်ခံရသူတွေဟာ အိန္ဒိယ၊ ယူအေအီး၊ ရုရှား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင် နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာတဲ့သူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
RFA ကမေးမြန်းခဲ့တဲ့ ပြည်သူတချို့ကတော့ ကိုဗစ်-၁၉ တတိယလှိုင်းတုန်းကလည်း စစ်ကောင်စီရဲ့ မအောင်မြင်တဲ့ စီမံခန့်ခွဲမှုတွေကြောင့် လူအသေအပျောက်များခဲ့ပြီး အခုတစ်ခါ ရောဂါကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာရင်လည်း ထိန်းချုပ်နိုင်ဖို့ အားနည်းနိုင်တဲ့အတွက် လူအသေအပျောက်များမှာကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ အိုမီခရွန်နဲ့ ပတ်သက်လို့ မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၃ ရက် မနေ့ကည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၅၃၆,၉၀၄ ဦး၊ သေဆုံး ၁၉,၃၁၀ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၅၁၃,၆၆၂ ဦးရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။