၁၄ ရက်စောင့်ကြည့်ကာလ ပြည့်မြောက်ပေမယ့် စိတ်ချလို့မရသေး

သန့်ဇင်ဦး
2020.04.10

ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်ရေးစင်တာတွေမှာ ၁၄ ရက် နေထိုင်ခဲ့သူတွေအနေနဲ့ ရောဂါလက္ခဏာ မပြဘဲ စောင့်ကြည့်ကာလ ပြည့်သွားလို့ နေအိမ်တွေကို ပြန်ခွင့်ရရှိခဲ့ပေမယ့် နောက်ထပ် ၁၄ ရက်ခန့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာနေထိုင်ဖို့ လိုအပ်ပါတယ်။

စောင့်ကြည့်ကာလ ၁၄ ရက်ပြည့်လို့ ရောဂါလက္ခဏာမပြဘူးဆိုပြီး မြန်မာနိုင်ငံ ဒေသအသီးသီးက စောင့်ကြည့် စင်တာတွေကနေ နေအိမ်တွေကို ပြန်ခွင့်ရသူ ရာနဲ့ချီ ရှိနေပါတယ်။  

ကိုရိုနာဗိုင်းရပ်စ်ပိုးကို မြန်မာနိုင်ငံမှာ ပထမဆုံးစတွေ့ခဲ့တဲ့ တီးတိန်မြို့ ကပ်တဲလ်ရွာက လူနာအမှတ်(၁) ရဲ့ မိခင် ဖြစ်သူကို နေအိမ်မှာ စောင့်ကြည့်ကာလ ၁၄ ရက်ကျော်ပြီး ဓာတ်ခွဲစစ်ဆေးတော့မှ ပိုးကူးစက်ခံထားရတာကို တွေ့ခဲ့ရပါတယ်။

ဧပြီ ၉ ရက် မနေ့ညက ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဓာတ်ခွဲခန်းအတည်ပြုလူနာ လေးဦးထပ်မံ တေ့ွရှိတဲ့အထဲမှာ လူနာအမှတ် ၂၃ ပါဝင်လာတာဖြစ်ပါတယ်။ ဒါကြောင့် စောင့်ကြည့်စင်တာတွေမှာ စစ်ဆေးမှု မလုပ်ဘဲ ၁၄ ရက်ထားပြီး ရောဂါလက္ခဏာမပြတာနဲ့ နေအိမ်တွေဆီ ပြန်လွှတ်ပေးနေတဲ့အပေါ် ဝေဖန်မှုတွေရှိ နေပါတယ်။

၁၄ ရက်ထားပြီး စောင့်ကြည့်ရုံလောက်နဲ့ လုံလောက်မှုမရှိဘူးလို့ မုံရွာမြို့နယ်မှာ ပြည်ပကနေ ပြန်ရောက်သူတွေ စောင့်ကြည့်ရေးအဖွဲ့က ကိုနေဦးက RFA ကို ပြောပါတယ်။

“Quarantine  ထားရုံလောက်နဲ့တော့ လုံလောက်မှု မရှိဘူးလို့ထင်တယ်၊ အမှတ်တကယ်ကတော့ သွေးစစ်တာ လေးတွေ ဆေးစစ်တာလေးတွေ လုပ်သင့်တယ်လို့မြင်တယ်၊ သို့သော် တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေရော မလုပ်နိုင်တာကိုရော နားလည်ပေးရမှာပေါ့၊ သူတို့စားရိတ်နဲ့ သူတို့စစ်ခိုင်းရင်လည်းစစ်ခိုင်း ကိုယ်တွေက လုပ်ပေးရမယ်ဆိုလည်း လုပ်ပေးပေါ့နော်၊ ဖြစ်သင့်တဲ့အတိုင်းအတာမှာ ဒီအတိုင်းပဲထားပြီး စောင့်ကြည့်နေရုံ နဲ့ကတော့ အဆင်ပြေလိမ့်မယ်လို့တော့ မမြင်ဘူး”

ကပ်တဲလ်ရွာက လူနာအမှတ် (၁) ကို ဗိုင်းရပ်စ်ပိုးစတွေ့ခဲ့လို့ သူနဲ့အတူ အမေရိကားကနေ ပြန်လာတဲ့ မိခင်ဖြစ် သူနဲ့ မိသားစုဝင်တွေ အပါအဝင် ရွာသား ၃၆ ယောက်ကို အဲဒီရွာမှာပဲ နေအိမ်စောင့်ကြည့်ကာလ သတ်မှတ်ထား ခဲ့တာဖြစ်ပါတယ်။ ၁၄ ရက်ပြည့်ခါနီးအထိ ဘာစစ်ဆေးမှုမှ မလုပ်တဲ့အကြောင်း လူနာအမှတ် ၁ ကို စတွေ့ခဲ့တဲ့ ဆရာဝန်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဝေဖန်လိုက်တော့မှ မိသားစုဝင် ၁၀ ယောက်နဲ့ ကျန်းမာရေး ဝန်ထမ်း သုံးယောက်ကို စစ်ဆေးပေးခဲ့တာပါ။ အဲဒီအထဲကနေ လူနာအမှတ် ၂၃ ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့လူတွေကိုတော့ လိုအပ်မှပဲ စစ်ဆေးမယ်ထင်တယ်လို့ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတွောင် က ပြောပါတယ်။

“ကျေးရွာအခြေအနေက ပုံမှန်ပဲဗျ အဖျားတွေ ဘာတွေ မရှိဘူး၊ ကျေးရွာက ဆယ်ယောက် ကျန်းမာရေးဌာနက သုံးယောက် အားလုံးပေါင်းမှ ဆယ်သုံးယောက် စစ်ထားတယ်၊ ကျန်တဲ့သူတွေတော့ အဖြေကို မသိရသေးဘူး၊ တစ်ခုခုအဖြေပေါ်မှပဲ လိုအပ်သလိုလုပ်မယ့် သဘောပဲ၊ ဘာမှမကြားရသေးဘူး”

ကျန်းမာရေးဝန်ကြီးဌာနက Quarantine  စင်တာတွေမှာ ၁၄ ရက်ပြည့်တဲ့သူတွေကို နေအိမ်ပြန်ရောက်ရင် နောက်ထပ် ၁၄ ရက်လောက် နေအိမ်မှာပဲနေဖို့၊ မိသားဝင်တွေနဲ့ အနည်းဆုံး ခြောက်ပေအကွာကနေ စကားပြောဖို့၊ နှာခေါင်းစည်းတပ်ထားဖို့နဲ့ တစ်ခုခုကို ထိကိုင်ပြီးတိုင်း လက်ဆေးဖို့ စတဲ့အချက်တွေကို လိုက်နာကြဖို့ တိုက်တွန်း ထားပါတယ်။

လှိုင်မြို့နယ် သံသယလူနာ စောင့်ကြည့်ရေးစင်တာမှာ လုပ်အားပေးနေတဲ့ ကိုသိန်းထိန်က နေအိမ်ပြန်သွားတဲ့ လူတွေ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို အိမ်ရောက်ရင် မလိုက်နာမှာ စိုးရိမ်နေပါတယ်။

“စိုးရိမ်မှုကတော့ အနည်းငယ်တော့ ရှိတယ်ခင်ဗျ၊ ဒီ Quarantine ထဲမှာနေနေတဲ့ ဆယ်လေးရက်မှာတော့ စားချိန်သောက်ချိန်မှန်မယ်ခင်ဗျာ၊ ဒီမှာတစ်ခန်း နှစ်ယောက်ပဲ နေရတယ်၊ တကယ်လို့ အိမ်ပြန်သွားတဲ့အခါ ကိုယ့်မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့တွေ့မယ် သုံးပေအကွာမနေဘဲ ရောရောထွေးထွေးနေကြမယ်၊ မလို အပ်ဘဲ အပြင်တွေထွက်နေမယ်ဆိုရင်၊ စားချိန်သောက်ချိန်မမှန်ဘဲ ကိုယ့်အိမ်မှာဆိုတော့ စားချင်တဲ့အချိန်မှ စားမယ်၊ အိပ်ချင်တဲ့အချိန်မှအိမ်မယ်ဆိုရင် ကိုယ်ခံအားကျဆင်းမှုဖြစ်ပြီး ရောဂါပိုးဝင်လာနိုင်တယ်၊ အဲတော့ အတတ်နိုင်ဆုံးကတော့ အပြင်မထွက်တာ အကောင်းဆုံးပဲလို့ ကျွန်တော်မြင်ပါတယ်”

ရန်ကုန်တိုင်း လှိုင်မြို့နယ်က စောင့်ကြည့် စင်တာမှာ ၁၄ ရက်နေထိုင်ခဲ့တဲ့ ပြည်တော်ပြန် ၃၃၄ ယောက်ရှိတဲ့ အထဲက ၁၄၁ ယောက်ကို ရောဂါလက္ခဏာမပြဘဲ သတ်မှတ်ရက်ပြည့်လို့ ဧပြီလ ၉ ရက်နေ့က နေအိမ်တွေကို ပြန်လွှတ်လိုက်သလို ဧပြီ ၈ ရက်နေ့ကလည်း နေပြည်တော်က စောင့်ကြည့်တစ်ထောင်ကျော်ထဲက အယောက် ၅၀ ကို ပြန်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

အင်္ဂလန်ကနေပြန်လာလို့ ဝေဘာဂီဆေးရုံမှာ ၁၄ ရက် နေခဲ့ရတဲ့ ဦးမျိုးသော်က စောင့်ကြည့်စင်တာတွေကနေ ကိုယ့်နေအိမ်ပြန်ရောက်ရင်လည်း ဂရုစိုက်ဖို့လိုတယ်လို့ ပြောပါတယ်။

“အမှန်က တစ်ချို့နိုင်ငံတွေမှာဆိုရင် ၂၁ ရက်အထိ နေကြရတာ ထားကြရတာရှိတယ်၊ အခုဒီမှာ Quarantine ပြီးလို့ ဆယ့်လေးရက်ပြည့်လို့ ပြန်သွားပြီးရင်တောင် ဖြစ်နိုင်လို့ရှိရင် နောက်ထပ် ဆယ့်လေးရက်လောက်ကို မိမိရဲ့ပတ်ဝန်းကျင်မှာ လူထူတဲ့နေရာတွေကို ရှောင်ကျဉ်တာ၊ မိမိရဲ့မိသားစုတွေနဲ့ သိပ်ပြီးတော့ ထိတွေ့တာ မဟုတ်ဘဲနဲ့ Self Quarantine ပေါ့၊ ဒါမျိုးကို ဆက်ပြီးတော့ နေစေချင်တယ်၊ မကြာခင်လည်း သင်္ကြန်ပိတ်ရက် စပြီလေ၊ အဲတော့ ဒီဆယ်ရက်အတွင်းမှာ ဘယ်မှသွားလာခြင်းမရှိဘဲနဲ့ မိမိဘာသာ သီးသန့်လေးနေရင်တော့ ကောင်းတာပေါ့”

ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သာထွန်းကျော်က စောင့်ကြည့်စင်တာမှာ နေတဲ့လူတိုင်းကို ဓာတ်ခွဲစစ်ဆေးဖို့ အစီအစဉ်မရှိဘူးလို့ ဧပြီလ ၆ ရက်နေ့က RFA ကို ဖြေကြားထားဖူးပါတယ်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးက စောင့်ကြည့်ကာလ ၁၄ ရက်နဲ့ မလုံလောက်တဲ့အတွက် နေအိမ်တွေမှာ နောက်ထပ် ၁၄ ရက်လောက် ထပ်မံစောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုပြီး လူနာအမှတ် ၂၃ ထွက်ပေါ်လာတာနဲ့ ဆက်စပ်လို့ သူ့ရဲ့ဖေစ့်ဘွတ်စ်မှာ တိုက်တွန်းထားပါတယ်။

ရောဂါလက္ခဏာ မပြဘဲ ရောဂါရှိနေသူတွေ ပြည်သူလူထုထဲ ရှိနေနိုင်လို့ တတ်နိုင်သမျှ အပြင်မထွက်ဖို့၊ social distancing ကို လိုက်နာဖို့၊ လက်နဲ့ မျက်နှာ၊ နှာခေါင်း၊ ပါးစပ် မထိဖို့၊ လက်ဆေးဖို့၊ ချောင်းဆိုးနှာချေရင် အုပ်ဆိုးဖို့၊ သာမန်ဖျားနာရင် အိမ်မှာပဲနေဖို့၊ ပိုဆိုးလာရင် ကျန်းမာရေးဝန်ထမ်းကို အကြောင်းကြားဖို့လည်း ရေးသားထား ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မတ် ၂၃ ရက်နေ့ကနေ ဧပြီ ၁၀ ရက် ဒီနေ့မနက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၇ ယောက်ရှိပြီး အဲဒီထဲက သုံးယောက် သေဆုံးသွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။