ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ၊ မရှိ လူဦးရေ ထောင်ချီ နေ့စဉ် စစ်ဆေးနိုင်တော့မည်

နေမျိုးထွန်း
2020.04.26

ကိုရိုနာဗိုင်းရပ်စ် ပိုးရှိ၊ မရှိ တစ်ရက်ကို လူ ၁၃၀၀ ကျော် ဓာတ်ခွဲစစ်ဆေးနိုင်တဲ့ Cobas 6800 စက်အသစ်ကို မကြာခင်ရက်ပိုင်းအတွင်း အသုံးပြုနိုင်တော့မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်က တပ်မတော်ဆေးရုံတွေမှာလည်း  အဲဒီအမျိုးစား စက်နှစ်လုံး ရှိပြီး ဓာတ်ခွဲစစ်ဆေးပေးဖို့ အသင့်ရှိနေပါပြီ။

ပြည်တွင်းဆေးကုမ္ပဏီတစ်ခုက အစိုးရကို လှူဒါန်းထားတဲ့ Cobas 6800 ရောဂါရှာဖွေရေးစက်နဲ့  ဓာတ်ခွဲနမူနာ ၁၃၀၀ ကျော်ကို လာမယ့်ရက်ပိုင်းအတွင်း နေ့စဉ်စစ်ဆေးနိုင်တော့မှာပါ။

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအတွက် အရေးတကြီး လိုအပ်ချက်ဖြစ်တာကြောင့် ဝယ်ယူလှူဒါန်းခဲ့တာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် (ခေါ်) Covid 19 ဓာတ်ခွဲနိုင်တဲ့ အတည်ပြုချက်ရကတည်းက ဝယ်ယူဖို့ ကြိုးပမ်းခဲ့တာလို့ ရန်ကုန်မြို့ AA Medical Products လီမိတက်ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်မိုးခိုင်က ပြောပါတယ်။

“သွေးလှူဘဏ်မှာ ရှိနေတဲ့ စက်က နေ့စဉ်နဲ့အမျှ သွေးလှူတဲ့လူတွေကို HIV တို့ ဘီပိုးတို့ စစ်နေရတဲ့အတွက် ဒီကိုဗစ်အတွက်ကို သူတို့က NHL ကို ရွှေ့ဖို့ကလည်း အဆင်မပြေဘူးပေါ့လေ။ အဲဒါဆိုလည်း ကျွန်တော်တို့ အနေနဲ့ တစ်လုံးထပ်လှူလိုက်မယ်ပေါ့။ နိုင်ငံမှာလည်း အရေးတကြီးလိုအပ်တဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက်လည်း အရေးတကြီးလိုအပ်လို့ ကျွန်တော်တို့က လှူပါတယ်။ လှူဖို့ စလုပ်တဲ့အချိန်ကတော့ မတ်လဆန်းလောက်ကပေါ့။ US FDA က Covid 19 Reagent ကို အသိမှတ်ပြု ခွင့်ပြုကတည်းက စပြီး ကြိုးပမ်းခဲ့တာပါ။”

အဲဒီစက်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရာမှာ အသုံးပြုတဲ့ အထောက်အကူပြုပစ္စည်း Reagent တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနကိုသာမက မင်္ဂလာဒုံစစ်ဆေးရုံ၊ နေပြည်တော်စစ်ဆေးရုံတွေကိုလည်း လှူဒါန်း ထားတယ်လို့ ဦးဇော်မိုးခိုင်က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံထုတ် Cobas 6800 ရောဂါရှာဖွေရေးစက်ဟာ တစ်ရက်ကို ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲနမူနာ ၁၃၄၄ ခုလောက် စစ်ဆေးနိုင်တဲ့စက် ဖြစ်ပါတယ်။

ဒီစက်ဟာ HIV၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး စတာတွေကို အလိုအလျောက် စနစ်သုံးပြီး ဓာတ်ခွဲ ရှာနိုင်တာကြောင့် စက်ကိုင်တွယ်သူတွေလည်း ကူးစက်မှု ရာခိုင်နှုန်းနည်းပါးပါတယ်။


ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ ဓာတ်ခွဲအထောက်အကူပြုပစ္စည်း Reagent ရှိမှ ရောဂါပိုးရှာဖွေစစ်ဆေးနိုင်တာ ဖြစ်ပါတယ်။

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှာဖွေရာမှာ လက်ရှိသုံးစွဲနေပြီး အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုချက် ရရှိထားပါတယ်။

တပ်မတော်က Cobas 6800 စက် နှစ်လုံးကို   ၂၀၁၉ ခုနှစ်ကတည်းက တပ်ဆင်ခဲ့တာဖြစ်တယ်လို့ ဧပြီလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးဖို့ စပ်သပ်အောင်မြင့်ခဲ့တာကြောင့် စစ်ဆေး အတည်ပြုပေးတာတွေကို လုပ်ဆောင်ပေးဖို့ အသင့်ရှိတယ်လို့  ဆိုပါတယ်။

အဲဒီလို သတင်းထုတ်ပြန်ပြီးနောက် လူမှုကွန်ရက်စာမျက်နှာတွေမှာ တပ်မတော်ကို ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လူမှုကွန်ရက်က ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဧပြီလ ၂၅ ရက် မနေ့က သတင်းထောက်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။

“တပ်မတော်အနေနဲ့ ဒီစက်ကြီးအရင်ကတည်းက ရှိရဲ့သားနဲ့ မလုပ်ဘူးတို့ ဘာတို့ ညာတို့ လျှောက်ရေးထားတာ တွေ့တယ်။ ဒါကတော့ သူ့အယူအဆပါပဲ။ အမှန်တကယ်ကတော့ ဒီစက်ဟာ ၂၀၁၉ ကတည်းက တပ်မတော်မှာ ရှိတယ်။ ဒါပေမဲ့ အဲဒီ Covid 19 ရောဂါအတွက် မဟုတ်ဘူး အဲဒီစက်က သွေးလှူတဲ့လူတွေကို HIV တို့ ဘီပိုး၊ စီပိုးရောဂါ ရှိမရှိ စစ်တဲ့ စက်ကြီးဖြစ်တယ်။ ဒီဟာကလည်း အဲဒီကုမ္ပဏီက Covid 19 စစ်နိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပေါ့ ကျွန်တော်တို့က အဲဒီ Reagent တွေ ဝယ်ရတယ်။ ဒီရောဂါတွေက ကျွန်တော်တို့ တစ်နိုင်ငံထဲ ဖြစ်နေတဲ့ ရောဂါလည်း မဟုတ်ဘူး။ အကုန်လုံးမှာ ဖြစ်နေတဲ့အတွက်ကြောင့် ဝယ်ရတဲ့အခါ ဝယ်ဖို့ တော်တော်ခက်ခဲပါတယ်။”

တစ်ကြိမ်ကို အရေအတွက် ၉၄ ခု စစ်ဆေးနိုင်တဲ့ စက်တစ်လုံးကိုလည်း ကျိုင်းတုံက အမှတ် ၃ တပ်မတော်ဆေးရုံကို ပို့ဆောင်ပြီး စစ်ဆေးနိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ဖို့ တရုတ်နိုင်ငံက ဆေးကုသရေးကျွမ်းကျင်ပညာရှင် ခြောက်ဦးအဖွဲ့ ဧပြီလ ၂၅ ရက်နေ့က ရောက်ရှိနေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဆင့်မြင့် ဓာတ်ခွဲခန်းတွေမှာ အဲလိုစက်မျိုးရှိသင့်ပြီး ရေအတွက်များများ စစ်နိုင်တဲ့အတွက် ကောင်းကျိုး ပိုများတယ်လို့ ဒေါက်တာဥက္ကာကြည်ဝင်းက သုံးသပ်ပါတယ်။

“ကျွန်တော်တို့ အဆင့်မြင့်ဓာတ်ခွဲခန်းမှာ အဲလိုမျိုး စက်တစ်လုံးတော့ အနည်းဆုံးရှိရမှာ ဖြစ်ပါတယ်။ သူက တခြားရောဂါပိုးတွေ တော်တော်များကို စစ်နိုင်တဲ့စက်ဖြစ်ပါတယ်။ ဖြစ်နေတာက ဖြစ်နေတဲ့သတင်းတွေ၊ နားလည်မှုလွဲနေတာက အဲဒီ Reagent ကလည်း အဓိက ပြဿနာပေါ့လေ။ စက်ရှိပေမယ့်လည်း အဲဒီ Reagent မရှိရင် စစ်လို့မရဘူး။ စစ်နိုင်တဲ့ အရေအတွက်ကို လူတွေက မေ့နေကြတယ်။ ဒါပေမဲ့ ပိုပြီးတော့ စစ်နိုင်လာတဲ့အခါကျတော့ Positive အရေအတွက်ကလည်း ပိုပြီးတွေ့လာတာပေါ့။ ဒါကို လူတွေက ပိုပြီးကြောက်လာကြတယ်။ အမှန်တကယ်က များများစစ်နိုင်လို့ များများတွေ့နိုင်ရင်တော့ ကောင်းကျိုးပိုများတာပေါ့။”


မြန်မာနိုင်ငံမှာ Cobas ဓာတ်ခွဲရောဂါရှာဖွေရေးစက် အမျိုးသားသွေးဌာနမှာ စက် တစ်လုံး၊ တပ်မတော်က ဝယ်ယူတဲ့ စက် နှစ်လုံးနဲ့ မကြာခင်က အလှူရှင်တစ်ဦး လှူဒါန်းထားတဲ့ စက် တစ်လုံး ရှိပါတယ်။

ရောဂါအတည်ပြုလူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူအားလုံး၊ သံသယရောဂါလက္ခဏာ ရှိသူတွေနဲ့ အသွားအလာ ကန့်သတ် စောင့်ကြည့်သူတွေထဲက အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက် ဓာတ်ခွဲစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး လှူဒါန်းထားတဲ့ စက်သစ်ကြီးနဲ့ မကြာခင်ပိုမိုစစ်ဆေးနိုင်မှာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ လူဦး ၅၂ သန်းလောက်ရှိပြီး လက်ရှိအချိန်အထိ ဓာတ်ခွဲစစ်ဆေးခဲ့သူ ၆၅၃၈ ဦးထဲက ၁၄၆ ဦးဟာ ရောဂါဖြစ်ပွားနေတာ တွေ့ရတာကြောင့် ဓာတ်ခွဲစစ်ဆေးမှုရဲ့ ၂ ရာခိုင်နှုန်းကျော်ဟာ ရောဂါဖြစ်ပွားနေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။