ဗိုင်းရပ်စ်တားဆီးဖို့ ခရီးသွားကန့်သတ်ရုံနဲ့ မလုံလောက်သေး

ခက်မာ
2020.03.16

မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဥရောပနိုင်ငံတချို့က ခရီးသွားတွေကို တားဆီးကန့်သတ်တဲ့ စည်းမျဉ်းသစ်တွေ အစိုးရက တနင်္ဂနွေနေ့က ချမှတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း တရုတ်နဲ့ ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးဖြစ်ခဲ့တဲ့နေရာတွေကို သွားရောက်ခဲ့သူ ဘယ်နိုင်ငံခြားသားကိုမဆို ပြည်တွင်းဝင်ခွင့် ယာယီရပ်ဆိုင်းထားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  တရုတ်ဟာ ရောဂါစတင်ပြန့်ပွားပြီး ကူးစက်နှုန်း၊ သေဆုံးနှုန်းကြီးမားခဲ့သလို ကိုးရီးယားဟာလည်း အာရှမှာ အများဆုံးကူးစက်ခဲ့တဲ့ တိုင်းပြည်မို့ အဲဒီတိုင်းပြည်တွေက ရောဂါကြီးကြီးမားမား ဖြစ်ခဲ့တဲ့နေရာတွေက ဝင်လာသူတွေကိုပဲ ကန့်သတ်တာဟာ မလုံလောက်ဘူးလို့ မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကိုလှဘုန်းနိုင်က ပြောပါတယ်။

"လုံလောက်တယ်လို့ မထင်ဘူးဗျ။ ဘာလို့လဲဆိုတော့ ဒီရောဂါကြီးက ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်နေတော့၊ ကျနော်တို့ တသက်နဲ့တကိုယ်လည်း တခါမှ မမြင်မကြားဖူးခဲ့ဘူး။ quarantine လုပ်ပြီးပေးဝင်တယ်ဆိုတာထက် လုံးဝကို ပိတ်ပစ်လိုက်တယ်ဆိုရင်တော့ ကောင်းတာပေါ့နော်။ ဒီမနက်ဆိုရင် အရမ်းကောင်းတာတခုက လူစုလူဝေးတွေ မလုပ်ဖို့ပြောတဲ့အခါကျတော့ မင်္ဂလာရုပ်ရှင်ရုံတွေဘာတွေဆို မနက် ၁၀ နာရီခွဲတပွဲပဲ ပြတော့တယ်"

ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာထွန်းမြင့်က အဲဒီလိုကန့်သတ်ရတဲ့ အခြအနေကို ခုလိုရှင်းပြပါတယ်။

" ခု.. သိနေတာပဲလေ။ ကျေနာ်တို့က ဘယ်ပုံ ဘယ်နည်းနဲ့ကူးစက်မယ်ဆိုတာကို ပြည်သူလူထုကို ထပ်ကာထပ်ကာ အသိပေးပြီးလည်းဖြစ်ပါတယ်။ ဘယ်လိုကာကွယ်နေထိုင်ရမလဲဆိုတာကိုလည်း ပြည်သူလူထုအားလုံးက သိရှိပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာမယ်ဆိုလို့ရှိရင် ဒီရောဂါ ဒီဘေးဆိုးကြီးကနေ ကင်းလွတ်သွားမှာပါ။ ဒီအတွက်ကို ကျနော်တို့ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာကြဖို့ မေတ္တာရပ်ခံချင်ပါတယ်"


အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ကျော်စွာဦးကတော့ ခုလိုကန့်သတ်မှုကို ကြိုဆိုလိုက်ပါတယ်။

"ကိုးရီးယားမှာ တရုတ်မှာ အဓိကဖြစ်နေတဲ့နေရာတွေက လူတွေကိုပဲ ကန့်သတ်တယ်ဆိုတာကတော့ ကျနော့်အမြင်အရ ပြောရရင် ဝူဟန်ဆိုလည်း ကျနော်တို့လည်း ပထဝီအနေအထားအရ အနည်းငယ် ဝေးတယ်ပေါ့နော်။ ကပ်လျှက် ယူနန်ပြည်နယ်မှာဆိုရင်လည်း ဖြစ်တဲ့လူနာတော့တွေ့တယ်။ ဒါပေမယ့် သေဆုံးနှုန်းတွေ ဘာတွေတော့ မကြားမိဘူးပေါ့နော်။ ဒါကောင့်မို့ အဓိကဖြစ်တဲ့ ဟူပေးပြည်နယ် ဝူဟန်ကလာတဲ့သူတွေကိုပဲ ဦးတည်တယ်ပေါ့နော်"

ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ရောဂါကူးစက်မှုရှိတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ အစိုးရ စီစဉ်ထားတဲ့ သီးသန့် နေရာမှာ ၁၄ ရက် နေထိုင်ရမှာဖြစ်ပြီး အဲဒီနိုင်ငံတွေကိုသွား ရောက်ခဲ့တဲ့ သံတမန်တွေကတော့ ကိုယ့်အိမ်ထဲမှာ အပြင်မထွက်ဘဲ ၁၄ ရက် နေရမယ်လို့ ဆိုပါတယ်။

ခုလောလောဆယ်တော့ ပြင်သစ်၊ အီတလီ၊ အီရန်၊ စပိန် နဲ့ ဂျာမဏီ နိုင်ငံတွေက ဝင်ရောက်မယ့် နိုင်ငံခြားသားတွေကို ပြည်တွင်းဝင်ရောက်ခွင့်မပေးဘဲ အဲဒီနိုင်ငံတွေကိုသွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကတော့ ပြည်တွင်းကို ရောက်ရှိတာနဲ့ အစိုးရက စီစဉ်ထားတဲ့ သီးသန့်နေရာမှာ ၁၄ ရက် နေထိုင်ရမှာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေ သွားခဲ့တဲ့ သံတမန်တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကိုတော့ နေအိမ်မှာ အပြင်မထွက်ဘဲနေစေပြီး ၁၄ ရက် စောင့်ကြည့်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမေရိကန်ပြည်ထောင်စုကနေ လတ်တလောပြန်ရောက်လာသူတွေကိုလည်း ၁၄ ရက်ကြာ စောင့်ကြည့်မှာ ဖြစ်တယ်လို့ ထည့်သွင်းထားပါတယ်။

တနင်္ဂနွေနေ့က ရန်ကုန်လေဆိပ်ကိုရောက်ရှိလာခဲ့တဲ့ ပြင်သစ်နိုင်ငံသားတွေကို လေဆိပ်ကနေ ချက်ချင်း ပြန်ပို့လိုက်ကြောင်း ရန်ကုန်မြို့ ပြင်သစ်သံရုံး ရဲ့ အီးမေးလ်တစ်စောင်မှာ တွေ့ရှိရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

အဲဒီလိုတွေကန့်သတ်ထားပေမဲ့ စိုးရိမ်နေရဆဲပါပဲလို့ ကိုလှဘုန်းနိုင်ကပြောပါတယ်။

"ဒီရောဂါကြီးက ကျနော်တို့နိုင်ငံထဲကို မဝင်သေးဘူးလို့သာ လူတိုင်းပြောနေတာ၊ ကျနော်ကိုယ်တိုင်လည်း မသိဘူး။ ဝင်လာရင်လည်း ကျနော်တို့က ဆင်းရဲတဲ့တိုင်းပြည်ဖြစ်တယ်။ လူတွေကလည်း ကျန်းမာရေးဗဟုသုတမှာ အင်မတန်နိမ့်ပါးတယ်။ ဒါကြောင့် ကျနော်ထင်တာတော့ ဝင်လာခဲ့လို့ရှိရင် သူများနိုင်ငံသေတာထက် ကျနော်တို့ကို အတုံးအရုံး ပိုသေဖို့ရှိတယ်။ အဲတော့ ကျနော်တို့က တကယ်စဉ်းစားလိုက်ရင် ကြောက်စရာအရမ်းကောင်းတယ်လို့ ထင်တယ်"

ပြည်တွင်းမှာတော့ စောင့်ကြည့်လူနာ ၁၂၈ ယောက်၊ သံသယလူနာ နှစ်ယောက်သာ ရှိပြီး အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ တစ်ဦးမှ မရှိသေးဘူးလို့ မတ် ၁၅ ရက်ညပိုင်းမှာ အစိုးရက ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကာကွယ်တဲ့အနေနဲ့ နေပြည်တော်လွှတ်တော်ကို ပြည်သူတွေ လာရောက်လေ့လာခွင့် ဒီနေ့ မတ်လ ၁၆ ရက်နေ့ကစပြီး ဧပြီလကုန်ထိ ယာယီရပ်ထားမယ်လို့ ပြည်သူ့လွှတ်တော်ရုံးက ဒီနေ့မနက်က ထုတ်ပြန်လိုက်ပါတယ်။

လတ်တလော ကမ္ဘာမှာ ကပ်ရောဂါအသွင် ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာမျိုး မဖြစ်ရအောင် ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးအခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို ဧပြီလကုန်အထိ မကျင်းပကြဖို့ကို သမ္မတရုံးက ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ပြည်သူသို့ ပန်ကြားလွှာထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။