နယ်စပ်က ခိုးဝင်လာသူမရှိအောင် ကရင်ပြည်နယ်အဖွဲ့ပေါင်းစုံ စုပေါင်းတားဆီးနေ

ခင်မောင်စိုး
2020.06.19

မြန်မာနိုင်ငံမှာ ဇွန်လ ၁၉ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ ၂၃ ဦး ထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ပြောဆိုတဲ့အတွက် ဒါဟာ စံချိန်တင် တွေ့ရှိမှုဖြစ်ပါတယ်။ အဲဒီလူအားလုံးဟာ ထိုင်းကတဆင့် ကရင်ပြည်နယ်ကို ဖြတ်ပြီး ပြန်လာသူတွေပါ။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်ကစပြီး မလေးရှားနဲ့ ထိုင်းကနေ ကုန်းလမ်းခရီးနဲ့ ပြန်လာသူတွေဟာ ကရင်ပြည်နယ်က တဆင့် ပြည်တွင်းကို ဝင်ရောက်ကြရတာဖြစ်ပါတယ်။ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က အခုအချိန်ထိ သူတို့ပြည်နယ်ကို ပြည်ပက ပြန်လည်ဝင်ရောက်လာသူ ၁ သိန်းကျော်ပြီဖြစ်ပြီး  အခုနောက်ဆုံး ဗိုင်းရပ်စ်ပိုးတွေ့ရှိရသူ ၂၃ ဦးကို ဓာတ်ခွဲခန်းက အဖြေသိရတာနဲ့ ရန်ကုန်ကို အမြန်ဆုံးပို့ဆောင်ခဲ့ပါတယ်။ ရောဂါပိုးတွေ့ရသူတွေနဲ့ ထိတွေ့ခဲ့တဲ့  သူတို့ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေကိုပါ တာဝန်က ရပ်နားပြီး သီးခြားနေထိုင်ဖို့ စီစဉ်ပေးရတဲ့အတွက် ဝန်ထမ်းအင်အား နည်းပါးမှုကို စိုးရိမ်နေရတယ်လို့  RFA ကို မနေ့ညက ပြောပါတယ်။

“ ထိုင်းအစိုးရ တက်ခ်ခရိုင် အာဏာပိုင်တွေက မြန်မာအစိုးရကိို အကြောင်းကြားတယ်။ ကျမတို့နိုင်ငံသားဟုတ် မဟုတ် သူတို့ဘက်ကို သွားစစ်တယ်။ ဟုတ်တယ်ဆိုမှ ပြန်ခေါ်လာတယ်။ ရခိုင်က ၇ ယောက်၊တနင်္သာရီက ၇ ယောက်၊ မွန်က ၄ ယောက်၊ ရန်ကုန်တို့ ပဲခူးတို့က ပါတယ်၊ ကျမတို့  ကရင်ပြည်နယ်က ၁ ယောက်ပဲပါတယ်။ ကော့ကရိတ်က။ သူတို့ကို စပြီးမြန်မာပြည်ဝင်ထဲက မူးယစ်ဆေးဝါးဖြတ်တဲ့စခန်းမှာ  သီးသန့် သွားထားတယ် ။ အဲဒီကမှ ကျန်းမာရေးစစ်ဆေးတဲ့ နှာခေါင်း အာခေါင်တို့ဖတ်တွေကို ရန်ကုန်ပို့တယ်။  ပိုးတွေ့တဲ့ စာရင်းကို ည ၁ နာရီခွဲမှာရတယ်။ မနက် ၇ နာရီမှာ အရေးပေါ်အစည်းအဝေးထိုင်ပြီး မနက် ၉ နာရီမှာ ရန်ကုန်က လာခေါ်သွားတယ်။ အားလုံးကို ပို့လိုက်တယ်။  ဒီမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလဲ  သူတို့နဲ့အတူ နေခဲ့ရတာဆိုတော့ သူတို့ကိုလဲ ဒီနေ့ quarantine ပြန်ထားရတယ်။ အဲဒီတော့ ကျမတို့ အင်အားထပ်နည်းသွားတာပေါ့။ ဝန်ထမ်းတွေကလည်း လနဲ့ချီပြီး တာဝန်ယူနေရတာဖြစ်လို့ အရမ်းပင်ပန်းနေကြပါပြီ”

ထိုင်းနိုင်ငံကနေ မကြာခင်က ပြန်လာသူတဦးဖြစ်တဲ့ မွန်ပြည်နယ် မုပ္ပလင်မြို့သူ မအေးနွဲ့က သူတို့ မိသားစု ၁၄ ရက်ကြာ နေအိမ်ကနေ အပြင်မထွက်ဘဲ သီးခြားနေထိုင်ခဲ့ပြီးနောက် အခုတော့ အများသူငါလို လွတ်လပ်စွာ သွားလာနိုင်ပြီလို့ ဆိုပါတယ်။

“ ကျမတို့ကို အိမ်မှာပဲထားတာ ၁၄ ရက် အပြင်မထွက်ရဘူး။ ငွေမရှိလည်း ဘယ်သူမှတော့ အစားအစာ လာမပေးပါဘူး။ ကိုယ့်ဖာသာစားရတာ။ မိသားစုတွေ တဦးနဲ့တဦး ခွာပြီးနေရတယ်၊ သမီးကြီးက အိမ်ခန်းထဲမှာနေတယ်။ ကျမ အမျိုးသားက ဘုရားစင်အောက်မှာအိပ်တယ်။  ကျမနဲ့ နောက်ကလေးတယောက်က ကပြင်မှာ အိပ်ရတယ်။ အခုတော့ Mytel တကဒ်ရယ်၊ quarantine ဝင်ပြီးကြောင်း စာရွက်တရွက်ရယ် လူကြီးတွေက လာပို့သွားတယ်”


ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က အခုလို ပြည်ပက ပြန်လာသူတွေ နယ်ခြားကနေ တရားမဝင် ခိုးဝင်လို့ မရအောင် အောင်မြင်စွာ ဆောင်ရွက်နိုင်တာဟာ သူတို့ပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံ ညီညွတ်တဲ့အတွက်ပဲလို့လည်း RFA ကို ပြောပါတယ်။

"နယ်ခြားစောင့်တပ်ရော  တပ်မတော်ကရော နောက်ပြီးတော့ ကျမတို့  ငြိမ်းချမ်းရေးတပ်ဖွဲ့တွေရော ပြန်လာသူတွေ တရားမဝင်အပေါက်တွေက လုံးဝ ဝင်လို့မရအောင် ကူညီတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေကလည်း ဒီ့အပြင်အချိန်တွေမှာသာ ပြောရဆိုရ ခက်ချင်ခက်တာ။ အခု ကိုဗစ်ဖြစ်တဲ့အခါမှာတော့  သူတို့အသိစိတ်နဲ့သူတို့ ဝိုင်းပြီး ကျမတို့ကို ကာကွယ်စောင့်ရှောက်ပေးတယ်။ နောက်ပြီး ကျေးရွာတွေကလည်း  သူတို့ရွာမှာ ခိုးပြန်လာတဲ့သူတွေကို သူတို့မိသားစုတွေကိုယ်တိုင်က ကျမတို့ကို သတင်းလာပို့တယ်။ ကျမတို့ ကရင်ပြည်နယ်အစိုးရက တပြည်လုံးကို ပြန်ဝင်လာတဲ့သူတွေအကုန်လုံးကို ဒီကနေ့အထိ ထိန်းချုပ်ကိုင်တွယ်ထားနိုင်လို့သာ။ နို့မို့ဆိုရင် တပြည်လုံးကို ပြန့်မှာ။ အခုလဲ ၂၃ ယောက်လေ။ ဒီ ၂၃ ယောက်ကို မစစ်ဆေးနိုင်ခဲ့ဘူးဆိုရင် သူတို့ဖာသာသူတို့ ရခိုင်ပြည်နယ် ပြန်သွားမယ်။ တနင်္သာရီပြန်သွားမယ်ဆိုရင် အကုန်ပြန့်ကုန်မှာပေါ့"

ပြည်ပက ပြန်လာသူတွေကို သူတို့ ကရင်ပြည်နယ်ကနေ မြန်မာပြည်အနှံ့ကို ပို့ဆောင်ပေးရာမှာ လမ်းတလျှောက် ပျောက်ဆုံးခြင်း မရှိအောင် လုံခြုံရေးတပ်ဖွဲ့တွေ လိုက်ပါနေကြောင်း၊ အရင်လတွေက တရက်ကို ကားအစီး ၁ဝဝ ကျော်နဲ့ နေ့စဉ်ပို့ခဲ့ပြီး လက်ရှိမှာတော့ နေ့စဉ် ကား အစီး ၄ဝ ခန့်နဲ့ ပို့ပေးနေကြောင်းလည်း ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။

WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ထောက်ပံ့ငွေနဲ့ ပြည်ပက ပြန်လာသူ ၁ဝဝဝ ခန့်ကို နေ့စဉ် ကျွေးမွေးစောင့်ရှောက်ထားရပြီး  ပြည်နယ်သူ ပြည်နယ်သား စေတနာ့ဝန်ထမ်း ၄ဝဝ ခန့်ကလည်း ပါဝင်ကူညီနေတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ရေးအတွက် ကရင်ပြည်နယ်ဟာ အရေးကြီးတဲ့နေရာတခု အဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။