လူနာရွှေ့ပြောင်းမှုကန့်ကွက်တဲ့ ကလေးမြို့မှာ အမျိုးသမီးတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရ
2020.04.15
ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုရိုနာဗိုင်းရပ် အတည်ပြု လူနာ သုံးဦးကို ကလေးမြို့ ဆေးရုံကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းကြောင့် ကလေးမြို့ခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက် ကြောင်း ဧပြီလ ၁၄ ရက်နေ့မနေ့က စာထုတ်ခဲ့ပြီးနောက် ၁၅ ရက်နေ့ ဒီနေ့မှာတော့ ကလေးမြို့မှာ ပိုးတွေ့လူနာ တစ်ယောက် ရှိလာပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ပိုး စတင်တွေ့ရှိခဲ့တဲ့ လူနာ အမှတ် (၁)၊ သူရဲ့ မိခင် လူနာ အမှတ် ၂၃၊ သူနဲ့ထိတွေ့ခဲ့ဖူးသူ လူနာအမှတ် ၃၁ တို့ကို ချင်းပြည်နယ်၊ တီးတိန်မြို့က ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသနေတာပါ။
မြို့နယ်အဆင့်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ သူတို့ သုံးဦးရဲ့ ရေရှည်ကျန်းမာရေးအတွက် တီးတိန်ပြည်သူ့ဆေးရုံ ထက် ပိုအဆင်ပြေနိုင်မယ့် နေရာတွေကို ရွှေ့ပြောင်းဖို့ ပြင်ဆင်ရာမှာ ကန့်ကွက်မှုတွေရှိလာတာ ဖြစ်ပါတယ်။
မူလက ဖလမ်းမြို့ဆေးရုံကို ရွှေ့ပြောင်းဖို့ ပြင်ဆင်ခဲ့ပြီး ဖလမ်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇုန်လှယ်ထန်းက ကန့်ကွက်ထားကြောင်း သူရဲ့လူမှုကွန်ယက်ကတဆင့် စာရေးသားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကလေးပြည်သူ့ဆေးရုံကို လွှဲပြောင်းမယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး မြို့နေလူထုက ကန့်ကွက်ကြောင်းစာကို အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မနေ့က ပေးပို့ခဲ့ပါတယ်။
ဖလမ်းနဲ့ ကလေးဆေးရုံတွေဟာ တီးတိန်ဆေးရုံထက်စာရင် လူနာတွေအတွက် ပိုစိတ်ချရနိုင်ခြေရှိပြီး အခုလို ကန့်ကွက်ကြတာကို စိတ်မကောင်းဖြစ်ရတယ်လို့ တီးတိန်မြို့၊ ကိုဗစ်-၁၉ အရေးပေါ်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ထောင်းရှန်းတုန်း က ပြောပါတယ်။
“တကယ်ဝမ်းနည်းတယ် ပြောရမယ်။ ကျွန်တော်တို့မှာ အထူးကြပ်မတ် ကုသဆောင် ICU မရှိဘူး။ သူတို့မှာ ICU ရှိတယ်။ ကျွန်တော်တို့ဆီမှာ အစိုးရပေးတဲ့ လျှပ်စစ်မီးက သုံးရက်မှ တစ်ခါလောက်လာတယ်။ သူတို့မှာ ၂၄ နာရီလာတာပဲ။ဆရာဝန်၊ ဆရာမတွေက အစလေ ကျွန်တော်တို့ထက် အများကြီးသာတယ်လေ”
ဧပြီလ ၁၅ ရက်နေ့ ဒီနေ့မနက်မှာ ကျန်းမာရေးဝန်ကြီးဌာနက နောက်ထပ် ပိုးတွေ့လူနာ ၁၂ ယောက်စာရင်းကို ထုတ်ပြန်ရာမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့က တစ်ဦး ပါဝင်လာပါတယ်။
သူဟာ လူနာ အမှတ် ၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ရောက်ခဲ့စဉ်က တည်းခိုခဲ့တဲ့ နေအိမ်က အိမ်ရှင်အမျိုးသမီး ဖြစ်ပြီး အသက် ၆၃ နှစ် ပါ။
ဒီနေ့မနက်မှာ သူ့ရဲ့ နေအိမ်ကို အသွားအလာ ကန့်သတ်လိုက်ပါတယ်။ အစိုးရက ဒီလူနာအမျိုးသမီးကို ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ကုသဖို့ စီစဉ်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တီးတိန်က လူနာ သုံးဦးကိုတော့ ကလေးမြို့ကို ရွှေ့ပြောင်းတာမရှိသေးဘူးလို့ ကန့်ကွက်ရာမှာ ပါဝင်ခဲ့တဲ့ ကလေးမြို့ခံ ကိုကျော်သက်ဝင်းက ပြောပါတယ်။
“တခုခု လွဲချော်သွားရင် ကူးစက်နှုန်းက မြင့်လာမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ကန့်ကွက်တာပါပဲ။ အဓိကကတော့ တကယ့်ကို အဆင့်မီဆေးရုံတွေပို့ဖို့အတွက် တင်ပြတဲ့ အဆင့်ပါပဲ။ သူတို့ သုံးယောက်လည်း အခုချိန်အထိတော့ မရောက်လာသေးပါဘူး။ ဒီဘက်မှာလည်း အဖွ့ဲအစည်းတွေကရော၊ ကျန်းမာရေး ဝန်ကြီးဌာနကရော ပြင်ဆင်တာတွေ မတွေ့ရသေးဘူး”
ကလေးမြို့ခံတွေ ကန့်ကွက်ထားတဲ့ စာနဲ့ပတ်သက်လို့လည်း အစိုးရက တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။
တဖက်မှာလည်း ကလေးမြို့ခံတွေရဲ့ ဆောင်ရွက်မှုဟာ လူသားချင်းစာနာထောက်ထားမှု ပျက်ကွက်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။
တီးတိန်မြို့၊ ကိုဗစ်-၁၉ အရေးပေါ်ကော်မတီကလည်း ပိုးတွေ့လူနာ သုံးဦးကို တီးတိန်မှာပဲ ဆက်ထားမယ်ဆိုရင် အထူးကြပ်မတ် ကုသဆောင် ဆောက်လုပ်ပေးဖို့၊ ၂၄ နာရီမီးရအောင် ဆောင်ရွက်ပေးဖို့၊ ကူးစက်ရောဂါ အထူးကု ဆရာဝန်ထားရှိပေးဖို့ဆိုတဲ့ တောင်းဆိုချက်တွေရှိပါတယ်။
ဒီလိုတောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ အခက်အခဲရှိနိုင်ပြီး တဖက်မှာ လူထုစိုးရိမ်ချက်တွေ လျော့ကျအောင် ကျန်းမာရေးဝန်ကြီးဌာနက အချိန်နဲ့တပြေးညီ ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းက ပြောပါတယ်။
“အခုလက်ရှိအခြေအနေကတော့ အားလုံးသိတဲ့အတိုင်းပဲ တနေရာတည်း ဖြစ်နေတာမဟုတ်ဘူး။ ရန်ကုန် ဆေးရုံကြီးတို့၊ မြောက်ဥက္ကလာပ ဆေးရုံကြီးတို့ တကယ့် စင်တာအကြီးတွေမှာတောင် ဝန်နဲ့အားနဲ့ မမျှဘူူး။ အဲကိုပို့ဖို့ဆိုတာကတော့ နည်းနည်းတော့ အခက်အခဲရှိမယ်လို့ ကျွန်တော်တော့ မြင်တယ်။ ပြည်သူတွေအနေ နဲ့ကလည်း သူတို့ရဲ့ စိုးရိမ်စိတ်ကို သွားအပြစ်ပြောလို့မရဘူး။ ဆေးပညာရှင် မဟုတ်တဲ့အတွက် သူတို့ရဲ့ စိုးရိမ်စိတ်ကလည်း များနေမှာပဲ။ အဲဒီအချိန်မှာ တာဝန်ရှိသူတွေက အချိန်နဲ့ တပြေးညီ ဒီသတင်းတက်လာ ပြီဟေ့ဆိုရင် ဒီအတွက် သတင်းထုတ်ပြန်သတင်းပြောပေး အဲလိုမျိုးဆိုရင်တော့ အဆင်ပြေမယ်လို့ ကျွန်တော် ထင်ပါတယ်”
ကူးစက်ရောဂါအထူးကု ဆရာဝန်မဟုတ်လည်း WHO ရဲ့ လမ်းညွန်ချက်တွေနဲ့အညီ တခြားသော ဆရာဝန်တွေက ကုသနိုင်တယ်လို့ သူက ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဧပြီလ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၇၄ ဦး ရှိနေပါပြီ။ သေဆုံးသွားသူက လေးဦးပါ။ ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံကနေ ဆင်းသွားသူ နှစ်ဦး ရှိပါတယ်။ ဆေးကုသမှုခံနေတဲ့ ပိုးတွေ့လူနာ ၆၈ ဦးထဲမှာ ၅၉ ဦးက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်က ဝေဘာဂီ ဆေးရုံမှာ ဖြစ်ပါတယ်။