တရုတ် ဆေးပညာရှင်အဖွဲ့ မန္တလေးမှာ ကူညီဆောင်ရွက်နေ
2020.04.15
အဖွဲ့ဝင် ၁၂ ဦးပါတဲ့ တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ မနေ့က မန္တလေးမြို့ကို ရောက်ရှိလာ ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရှုနေရာမှာ တွေ့ရှိတဲ့အချက်တွေနဲ့ အကြံပေးချက် တွေကို မန္တလေးတိုင်းအစိုးရကို တင်ပြသွားမှာဖြစ်ပါတယ်။
မန္တလေးမှာ ဆောင်ရွက်ထားတဲ့ အစီအစဉ်တွေက တရုတ်ပြည်မှာလုပ်တဲ့ အစီစဉ်တွေပဲဖြစ်တာမို့ အားရတယ်လို့ တရုတ်အဖွဲ့ကပြောသွားကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း( မန္တလေးတိုင်း) အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ကျော်က ပြောပါတယ်။
“အကြံဉာဏ်ပေးတာ သိပ်မရှိဘူး၊ ဒီကလုပ်နေတဲ့ အစီစဉ်ကို သူတို့သဘောကျတယ်။ ဖြန်းတဲ့ပစ္စည်းမှာ အယ်လ်ကိုဟောပါတဲ့အတွက် မီးလောင်နိုင်တာမို့ ပြောင်းသုံးဖို့ ပြောပါတယ်“
တရုတ်နိုင်ငံက ရောက်လာတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာဆိုရင် မြန်မာနိုင်ငံကို အခု ၈ ရက် နေ့က စတင်ရောက်ရှိနေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ကိုရိုဗိုင်းရပ်စ် စောင့်ကြည့်စခန်းတွေကို လေ့လာဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ကူးစက်မှုနဲ့ သေဆုံးသူတွေ နေ့စဉ်မြင့်တက်နေတာကြောင့် မြန်မာနိုင်ငံမှာဆိုရင်လည်း ရပ်ကွက်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ အထွေထွေ ရောဂါကုဆေးခန်းတွေဟာ ရောဂါကူးစက်မှာစိုးရိမ်ပြီး လူနာကြည့်ရှု ကုသပေးတာတွေ ရပ်နားပြီး ဆေးခန်းပိတ်တာတွေ ရှိလာပါတယ်။
ဒီအခြေနေတွေကို ဖြေရှင်းဖို့အတွက် အခမဲ့ကုသပေးတဲ့ ဖျားနာရောဂါကုသရေးစခန်း ရှေ့ပြေးစခန်းတစ်ခုကို ချမ်းမြသာစည်မြို့နယ်မှာ အခုလ ၈ ရက်နေ့က စတင်စမ်းသပ် ဖွင့်လှစ်ပေးနေပါတယ်။
အထွေထွေရောဂါကုဆေးခန်းတွေ ပိတ်လိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးအခက်အခဲတွေ ဖြေရှင်းနိုင်ရေးအတွက် လိုအပ်လာတယ်လို့ မြန်မာနိုင်ငံ ဆရာဝန်အသင်း အထွေထွေရောဂါကု ဆရာဝန်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါက်တာနေဝင်း က ပြောပါတယ်။
“ဖျားတဲ့လူနာတင် မကဘဲ တခြား သွေးတိုးတို့၊ ဆီချိုတို့ တခြားရောဂါပြသတဲ့ လူနာတွေ အခက်ခဲဖြစ် လာမှာစိုးတယ်။ ဒါကြောင့်မို့ ဖျားတဲ့သူတွေကို သီးသန့်ကြည့်နိုင်တဲ့ ဆေးခန်း သပ်သပ်လုပ်မယ်ဆိုပြီး စိတ်ကူးမိတဲ့အတွက် ဖွင့်ဖို့ကြိုးစားတာဖြစ်ပါတယ်”
ဒီလိုဆေးခန်းတွေကို မန္တလေးမြို့က မြို့နယ်ငါးမြို့နယ်မှာဖွင့်လှစ်ဖို့ စီစဉ်ထားပြီး နောက်ထပ်ဆေးခန်းတွေကို ဒီရက်ပိုင်းတွေအတွင်းမှာပဲ ဖွင့်သွားမှာဖြစ်ပါတယ်။
ကိုယ်ပူလာတယ်ဆိုရင်ကို စိတ်ပူလာကြတဲ့အတွက် ဆေးခန်းလာပြကြတယ်လို့ ကိုယ်အပူချိန် တက်နေသူတွေကို ကုသပေးနေတဲ့ ဆေးခန်းက တာဝန်ခံ ဒေါက်တာပန်းဇာဖြူက ပြောပါတယ်။
“ကြောက်တော့ လာပြကြတယ်။ အရင်ရင်က ဖျားရင်ကို လာစစ်ကြတယ်။ တစ်နေ့ကို ဆယ်ယောက်၊ ဆယ်ငါးယောက်လောက် စစ်ပေးရတယ်။ အဲဒီထဲကမှ ထူးခြားတာတော့ မတွေ့ရသေးပါဘူး“ လို့ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးနဲ့ ပတ်သက်ပြီး လုပ်အားပေး ကူညီဆောင်ရွက်ဖို့အတွက် စားရင်းပေး သွင်းထားတဲ့ ဆရာဝန်ပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိ၊ မရှိ စောင့်ကြည့်စခန်းဝင်နေသူ ငါးထောင်ကျော်ရှိတယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။