ပင်စင်စားအယောက် ၇ဝ ကို ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်ထား
စောဖိုးခွား
2020.04.13
2020.04.13
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ လူနာ နံပါတ် ၃၈ ဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် အဖွားအိုဟာ ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ်က မြန်မာ့မီးရထား စက်ခေါင်းစက်ရုံမှာ မတ်လ ၂၄ ရက်နေ့က ပင်စင်သွားရောက်ထုတ်ယူခဲ့တာပါ။
ဒီအဲ့ဒါကြောင့် အဲ့ဒီနေ့မှာ ပင်စင်လာထုတ်ခဲ့တဲ့ အင်းစိန်မြို့နယ်၊ စျေးကုန်း အရှေ့ရပ်ကွက်ရှိ မီးရထားဝင်းထဲမှာနေထိုင်ကြတဲ့ ပင်စင်စား ၇ဝ လောက်ကို လက်ရှိ နေအိမ်တွေမှာ စောင့်ကြည့်နေတယ်လို့ အဲ့ဒီရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးက RFA ကိုပြောပါတယ်။
ဒီရောဂါကူးစက်ခံထားရတဲ့ အဖွားအိုဟာ ပြည်ပနိုင်ငံတွေကို ခရီးသွားခဲ့ခြင်းမရှိဘဲ ကူးစက်ခံထားရတာလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။အိမ်မှာပဲ အမြဲနေလေ့ရှိတဲ့ ဒီအဘွားအိုဆီ ရောဂါဘယ်လိုကူးစက်သလဲဆိုတာမသိရသေးဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။
ရန်ကုန်တိုင်းထဲမှာ အင်းစိန်မြို့နယ်ဟာ ရောဂါကူးစက်ခံထားရတဲ့သူအများဆုံးတွေ့တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ အင်းစိန်မြို့နယ်တွင်း ဘုရားရေးအခမ်းအနားတစ်ခု ကျင်းပခဲ့ပြီးတော့ အဲ့ဒီအခမ်းအနားတက်ရောက်ခဲ့တဲ့သူ တချို့မှာလည်း ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ရောဂါပိုးရှိတဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့သူတွေကို လိုက်လံစုံစမ်းရာမှာ အခက်အခဲတွေရှိတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ပြောပါတယ်။
ရောဂါပိုးကူးစက်ခံထားရတဲ့သူတွေ ဘယ်လောက်များများထပ်တွေ့လာမလဲဆိုတာ မသိနိုင်သေးတာကြောင့် လက်ရှိအင်းစိန်မြို့နယ်ထဲက GTI နည်းပညာတက္ကသိုလ်အတွင်းမှာ လူ အယောက် ၁ဝဝ လောက်ထားနိုင်မယ့် စောင့်ကြည့်ရေးစခန်းတစ်ခုကိုလည်း ပြင်ဆင်နေပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့သူ အများစုရှိတဲ့ အင်းစိန်မြို့နယ်ထဲမှာ လက်ရှိအချိန်ထိ ရပ်ကွက်တွေကို Lockdown ချထားတာမျိုးတော့မရှိသေးပါဘူး။