ရခိုင်ဒုက္ခသည်တွေကြားထဲမှာ အတည်ပြုလူနာ စတင်တွေ့ရှိ
2020.10.16
လူဦးရေ ၁၃၀ ကျော်လောက် ခိုလှုံနေကြရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က စစ်ဘေးဒုက္ခသည်စခန်း တစ်ခုမှာ ဒုက္ခသည်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်က စစ်ဘေး ဒုက္ခသည်တွေ ကြားထဲမှာ ပထမဆုံး အတည်ပြုလူနာ ဖြစ်ပါတယ်။
အခုလို လူတွေစုပြုံနေရတဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့အတွက် ပစ္စည်းတွေလည်း လုံလုံလောက်လောက် မရှိဘူးလို့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာရှိတဲ့ သာသနာ့ဗိမ္မာန်စစ်ဘေးဒုက္ခသည်စခန်းမှာ အသက် (၈၀) အရွယ် အမျိုးသမီးတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အတည်ပြုလူနာရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတာကြောင့် မနေ့က မနက်ပိုင်းမှာ စစ်တွေဆေးရုံကို ပို့ဆောင်လိုက်ပြီလို့ ကျောက်တော်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွန်းဦးက RFA ကို ပြောပါတယ်။
“သူက နေမကောင်းဆိုပြီးတော့ ဆေးရုံလာပြတာဗျ။ အသက်ရှူကျပ်တယ်။ ဖျားတာ ခြောက်ရက်လောက် ရှိတယ်ဆိုပြီး လာပြတာ။ စစ်လိုက်တော့ Positive ထွက်တယ်။ Positive ထွက်တော့ နောက်နေ့မနက်မှာ ဆေးရုံကိုပို့ လိုက်တယ်။ အခုလောလောဆယ်တော့ ဆေးဖျန်းတာရယ် နောက်ပြီးတော့ စစ်ဘေးဒုက္ခသည် စခန်းတစ်ခုလုံးကို ကော်ရန်တင်းအနေနဲ့ ထားပြီး ကျန်းမာရေး စောင့်ရှောက်ပါတယ်။ လူနာက အသက် နည်းနည်းကြီးတော့ စိုးရိမ်ရတယ်ဗျ။ အဓိကကတော့ လူစုလူဝေး ရှောင်ရမှာပေါ့လေ။ စစ်ဘေးဒုက္ခသည်စခန်း ကတော့ လူစုလူဝေးရှောင်ဖို့ နည်းနည်းတော့ ခက်တာပေါ့ဗျာ။ နေရာကလည်း နည်းနည်းကျည်းကျပ်တာ ရှိတယ်။ နေရာကလည်း ကျွန်တော်တို့မှာ ကုန်သလောက်ဖြစ်နေပြီ အဲဒီ အခက်အခဲရှိတယ်။ ကျန်းမာရေး စောင့်ရှောက်မှုပြဿနာက တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာမနေနိုင်ရင်တော့ နောက်ပိုင်းမှာ အခက်အခဲ ပိုရှိလာနိုင်ပါတယ်။”
ပိုးကူးစက်ခံထားရတဲ့ အဖွားဟာ ဘယ်သူ့ဆီကနေတစ်ဆင့် ကူးစက်ခံရတယ်ဆိုတာကိုတော့ လတ်တလော မပြောနိုင်သေးဘူးလို့ ဒေါက်တာ သန်းထွန်းဦးက ပြောပါတယ်။
ကျောက်တော်မြို့စစ်ဘေးဒုက္ခသည် ကူညီစောင့်ရှောက်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်အေးစောက ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ပစ္စည်းတွေ လုံလုံလောက်လောက် မရှိဘူးလို့ ပြောပါတယ်။
“ကျွန်တော်တို့မှာက အစိုးရဆီပေးတဲ့ ဆန် ၊ဆီ၊ ဆား လောက်ပဲရပြီးတော့ ကျန်တဲ့အသုံးစရိတ်တွေက ကျွန်တော်တို့ ရုန်းကန်လှုပ်ရှားရတယ်။ ကျွန်တော်တို့မှာ စားဝတ်နေရေးကတော့ ဒုက္ခသည်စခန်းမှာရော၊ မြို့မှာရှိတဲ့ အခြေခံ လူတန်းစားတွေမှာရော တကယ့်ကို အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ကာလပါ။ နှာခေါင်းစည်းကတော့ စေတနာရှင်တွေက ပေးထားတာကို ထုတ်သုံးနေတယ်။ အခုကတော့ ကျွန်တော်တို့မှာ နည်းလာပြီ။ လက်သန့်ဆေးကတော့ မသုံးရတာကြာပြီ။ ကျွန်တော်တို့ စစ်ဘေး ဒုက္ခသည်စခန်းမှာတော့ ဆပ်ပြာနဲ့ရေကိုပဲ အဓိကထားနေရတယ်။ အဲဒါကို အစိုးရက ဆောင်ရွက်ပေးစေချင်ပါတယ်။”
အဲဒီသာသနာ့ဗိမ္မာန်စစ်ဘေးဒုက္ခသည်စခန်းမှာ ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံနေသူ ၁၃၀ ကျော်ရှိပြီး သူတို့ဟာ ခန်းမတစ်ခုတည်းမှာ စုပြုံပြီးတော့ နေနေရတာဖြစ်တယ်လို့လည်း ဦးမောင်အေးစောက ပြောပါတယ်။
လူတွေစုပြုံနေရတဲ့ စစ်ဘေးဒုက္ခသည်စခန်းအတွက် ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောပါတယ်။
“လူပေါင်းနှစ်ရာကျော်စုနေရတဲ့နေရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့တယ်ဆိုတာက တော်တော်လေးကို စိုးရိမ်စရာ ကောင်းတဲ့အခြေအနေပါ။ တကယ်တမ်းကျတော့ဗျာ စစ်ဘေးရှောင်စခန်းဖြစ်တဲ့အတွက် ကြောင့်မို့လို့ စခန်းတစ်ခုလုံးကို ကော်ရန်တင်းဝင်ဖို့ကတော့ မလွယ်ဘူးပေါ့လေ။ ဒါပေမဲ့လည်း စခန်း တစ်ခုလုံးကို လော့ခ်ဒေါင်းပုံစံမျိုး ချလိုက်ပြီးတော့မှ သူတို့အတွက်ကို စားရေးသောက်ရေးနဲ့ တခြား လိုအပ်တဲ့ဟာတွေ၊ ကိုဗစ်ကာကွယ်တဲ့ပစ္စည်းတွေ လုံလုံလောက်လောက်ပေးရမှာပေါ့။ ဒီလိုမှပဲ ပြင်ပလူတွေကို မကူးစက်ဘဲ အချိန်တစ်ခုအတိုင်းအတာမှာ ထိန်းချုပ်နိုင်မယ်။ နောက်လူတွေကိုလည်း မကူးစက်တော့ဘူးပေါ့။ ဒီလိုမျိုးလုပ်ရမှာပေါ့။”
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကလည်း သူတို့အတွက် စားဝတ်နေရေး အပြင် သတင်းတွေကိုမြန်မြန်ဆန်ဆန်သိနိုင်ဖို့ အင်တာနက် အသုံးပြုခွင့်ရဖို့လည်း အရေးကြီးတယ်လို့ပြောပါတယ်။
“ကျောက်တော်မြို့ပေါ်မှာသက်သက် စစ်ဘေးရှောင်စခန်း ၁၃ ခုရှိတယ်။ လူဦးရေ ခုနှစ်ထောင်ကျော်လောက် ရှိတာပေါ့။ အခုက ကိုရိုနာဗိုင်းရပ်စ်ဟာ စစ်ဘေးဒုက္ခသည်စခန်းကို ရောက်သွားတဲ့အတွက် တော်တော်လေးကို ရှုပ်ထွေးသွားမယ့် အခြေအနေရှိတယ်။ စခန်းတွေကို ကျွန်တော်တို့ ရောက်တဲ့အခါမှာ စခန်းတော်တော်များက စားဝတ်နေရေး အခက်အခဲတွေရှိတယ်။ နောက်ပြီးတော့ သတင်း စီးဆင်းမှုတွေ တအားကြီး နှောင်နှေးတယ်။ ကျောက်တော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ဘယ်နှစ် ယောက်ရှိပြီဆိုတာကို ကျောက်တော်မြို့ထဲမှာရှိတဲ့ သူကိုယ်တိုင်က တိတိကျကျမသိတဲ့ အနေအထားမျိုးတွေရှိတယ်။ အဲဒါကို သတင်းစီးဆင်းမှုတွေမြန်အောင် အင်တာနက်ဖွင့်ပေးဖို့ လိုတယ်။”
အခုလို စစ်ဘေးဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးပြီး အကာအကွယ်ပစ္စည်းနဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတာနဲ့ပတ်သက်လို့ ကူညီပေးဖို့ အစီအစဉ်ရှိ၊ မရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကတော့ စစ်ဘေးဒုက္ခသည်တွေရဲ့အခက်အခဲတွေကို အစိုးရထံ တင်ပြလာရင် အကူအညီပေးဖို့ အဆင်သင့်ရှိတယ်လို့ဖြေကြားခဲ့ပါတယ်။
အဲဒီကျောက်တော်မြို့မှာ စစ်ဘေးဒုက္ခသည်စခန်း ၁၃ ခုနဲ့ စစ်ဘေးဒုက္ခသည်ဦးရေ ၇၀၀၀ ကျော်အထိ ရှိပြီး ကိုရိုဗိုင်းရပ်စ်ပိုးတွေ့လူနာဟာလည်း အောက်တိုဘာလ ၁၄ ရက်နေ့အထိ ၁၆၈ ဦးနဲ့ သေဆုံးသူ တစ်ဦးရှိပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် ဒီလ လဆန်းပိုင်းအထိ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်အထိ ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။