ရခိုင်မှာ ဆယ်ရက်အတွင်း အတည်ပြုလူနာ ၁၇၄ ဦး ရှိလာ
2020.08.26
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ (၁၆) ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ စတင်တွေ့ရှိခဲ့ရာကနေ အခုဆိုရင် ရခိုင်ပြည်နယ်က မြို့နယ် (၁၀) မြို့နယ်အထိ ပျံ့နှံ့သွားပြီး ဆယ်ရက်အတွင်း ကူးစက်ခံရသူ (၁၇၄) ဦးအထိ ရှိလာနေပါတယ်။
သြဂုတ် ၂၆ ရက် ဒီနေ့ မနက်ပိုင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာစာရင်းအရ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရသူ (၆၉) ဦး ရှိပါတယ်။
မနေ့က ညနေပိုင်းကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့မှာ (၁၀)ဦး၊ ပေါက်တောမြို့မှာ (၁၂) ဦးနဲ့ ကျောက်ဖြူမြို့မှာ (၃) ဦး စုစုပေါင်း (၂၅) ဦး တွေ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်ရက်အတွင်းမှာပင် ရခိုင်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ပိုးတွေ့လူနာ (၉၄) ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။
စစ်တွေမြို့မှာ သြဂုတ်လ (၁၆) ရက်နေ့က စတွေ့ခဲ့တဲ့ လူနာအမှတ်-၃၇၅ နဲ့ အနီးကပ် ထိတွေ့ခဲ့သူအားလုံးကို လိုက်ရှာနေပြီး ပြည်သူတွေကလည်း ညွှန်ကြား ထုတ်ပြန်ချက်တွေကို လိုက်နာရမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကို ပြောပါတယ်။
"အသွားအလာကန့်သတ်နေတာ ပြည်သူကို ထောင်ချနေတာမဟုတ်ဘူး၊ ၁၆ ရက်နေ့ကသိလို့ ကူးစက်သူတွေကို လိုက်ရှာနေတာ၊ ဒီကြားထဲ အိမ်မှာနေခိုင်းတယ် အသွားအလာကန့်သတ်ထားတယ်ဆိုတာတွေ တိတိကျကျလိုက်နာရင် နောက်ထပ်မကူးတော့ဘူး။ အခုကူးနေတာတွေက အရင် ကူးထားပြီးသားသူတွေကို လိုက်ရှာနေတာ။’’
အတည်ပြုလူတာ ၁၂ ဦး ရှိတဲ့ ပေါက်တောမြို့မှာ ဒီထက်ပိုပြီး ကူးစက်လာမှာကို ဒေသခံတွေ စိတ်ပူနေကြတယ်လို့ မြို့ခံတစ်ဦးဖြစ်တဲ့ ဦးကျော်ဟိန်းက ပြောပါတယ်။
“လူတွေကတော့ စိုးရိမ်မှုတော့ မြင့်တက်နေတာပေါ့။ စားသောက်ကုန်တွေ၊ လိုအပ်တဲ့ နှာခေါင်းစည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်မှုတွေရှိတယ်။ လမ်းတွေလည်း ပိတ်ထားတော့ ပြတ်နေတယ်။ ပိုက်ဆံရှိပေမယ့် ဝယ်လို့မရမယ့်ကိစ္စတွေအတွက် စိုးရိမ်မှုတွေတော့ ရှိနေကြတာပေါ့။ ကွာရန်တင်းစင်တာတွေက ကျနော် ကြားသလောက်ကတော့ မြို့နယ်ခန်းမရယ်၊ မြို့နယ် အားကာခန်းမရယ် ပြီးတော့လိုအပ်လာရင် ကျောင်းတွေကိုလည်း အသုံးပြုမယ်။ အဲဒီလိုအစိုးရအစီအစဉ်နဲ့ လုပ်ထားတာရှိပါတယ်။ သူတို့က လုပ်ပေးနိုင်သလောက်လုပ်ပေးတာပဲ။ ဒါပေမဲ့ ရောဂါဖြစ်ပွားမှုနှုန်းက ရုတ်တရက်ကြီး မြင့်တက်နေတော့ အားလုံးပြီးပြည့်စုံတာတော့ မဟုတ်ပါဘူး။”
ပေါက်တောမြို့မှာတွေ့တဲ့ ပိုးတွေ့လူနာတွေဟာ စစ်တွေမြို့ကနေ ပြန်လာသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
အတည်ပြုလူနာတွေထဲမှာ Relief International ဆိုတဲ့ အဖွဲ့က ကျန်းမာရေးဝန်ထမ်း သုံးဦး ပါဝင်ပါတယ်။
အဲဒီဝန်ထမ်း သုံးဦးဟာ မြောက်ဦးမြို့နယ်က တောင်မြင့်၊ နာကန်၊ ကုလားချောင်း၊ ပုစွန်ဖေနဲ့ ပီပင်ရင်း စတဲ့ကျေးရွာတွေက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တာကြောင့် အဲဒီ ဒုက္ခသည်တွေအတွက် စိတ်ပူမိကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က RFA ကို ပြောပါတယ်။
"အဲဒီဒုက္ခသည်စခန်းမှာ နေရာကျဉ်းကျဉ်းလေးမှာ လူတွေက ပြွတ်သိပ်နေရတယ်၊ သူတို့မှာ ကိုဗစ် နိုင်တင်းန် ကာကွယ်ရေးအတွက် Mask ကအစ လက်ဆေးရည်တို့ လက်အိတ်တို့ ဘာမှမရှိဘူး၊ တကယ်လို့သာ ဒုက္ခသည်တွေကို ကူးစက်ခဲ့ရင် ဒုက္ခသည်တွေအတွက် တော်တော်လေး စိုးရိမ်စရာ ဖြစ်ပါတယ်၊ ရောဂါကူးစက်မှုကလည်း တော်တော်လေး မြန်ပါလိမ့်မယ်။"
ရခိုင်ပြည်နယ်မှာ ဒုက္ခသည် နှစ်သိန်းနီးပါးရှိပြီး မြောက်ဦးမြို့နယ်တစ်ခုထဲမှာတင် ဒုက္ခသည်စခန်း (၂၆) ခု ရှိပါတယ်။
RI ဝန်ထမ်းတွေ သွားခဲ့တဲ့နေရာတွေမှာ အစိုးရက ကန့်သတ်စောင့်ကြည်တာ၊ ရောဂါပိုးရှိ၊ မရှိ နမူနာယူ စစ်ဆေးပေးတာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောနေကြတယ်လို့လည်း ဦးထွန်းသာစိန်က ပြောပါတယ်။ RI ဝန်ထမ်း သုံးဦးဟာ မြောက်ဦးမြို့နယ်မှာ သြဂုတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေက ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ဒီဝန်ထမ်းတွေဟာ စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ မြို့ပေါ်မှာ ကျန်းမာရေးအကူအညီပေးတဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ RI အဖွဲ့က ထုတ်ပြန်ထားပါတယ်။
သြဂုတ်လ ၁၉ရက်နေ့က ပီပင်ရင်းကျေးရွာကို RI က ဝန်ထမ်းတစ်ဦး ရောက်လာပြီး ရွာခံတွေနဲ့ စခန်းမှာ ခိုလှုံနေတဲ့ လက္ကာ၊ ဝေသာလီ၊ ပေါက်တောပြင်စတဲ့ကျေးရွာတွေက အမျိုးသမီး ၁၁ ဦးနဲ့ တွေ့ ခဲ့ပါတယ်။
ပီပင်ရင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းစိန်သာ ပြောတာက RI ဝန်ထမ်းတွေနဲ့ တွေ့ခဲ့တဲ့ ဒေသခံတွေက ကိုယ့်ဘာသာ ကန့်သတ်စောင့်ကြည့်နေထိုင်ကြတယ်လို့ ဆိုပါတယ်။
"ဘာမှလုပ်မပေးဘူး၊ မြို့နယ်ထွေအုပ်က ပြောတယ်၊ အဲဒီမိန်းမနဲ့တွေတဲ့ မိန်းကလေးတွေကို ကန့်သတ်စောင့်ကြည်လူနာ လုပ်ခိုင်းတယ်၊ ဘာတစ်ခုမှတော့ လုပ်မပေးဘူး၊ အဲနေ့က တွေ့တဲ့လူတွေကို ဘုန်းကြီးကျောင်းမှာ ထားတယ်၊ တချို့ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ လူတွေကိုတော့ အဝေးတစ်နေရာက လူတွေပါတယ်။ သူတို့နေရာမှာ လူတွေလည်း မရှိတော့ အဲဒီနေရာကို ပြန်လွှတ်ထားတယ် ၊ ရွာသားတွေက စိုးရိမ်နေရတယ်။"
ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ RI ဝန်ထမ်းတွေ သွားခဲ့တဲ့စခန်းတွေမှာ ကန့်သတ်စောင့်ကြည်နေသူ ၂၀၀ လောက်ရှိပြီး လူ ၁၂၀ကျော်ကို စစ်ဆေးဖို့ Swab လို့ ခေါ်ကြတဲ့ တို့ဖတ်နမူနာယူထားတယ်လို့ ပြောပါတယ်။
"ကျနော်တို့ အဲဒီစခန်းကလူတွေကို ကန့်သတ်စောင့်ကြည်တာတွေ လုပ်တယ်၊ swab နမူနာယူပြီး ပို့ထားတာလည်း ရှိပါတယ်၊ ၂၄ရက်နေ့ကပဲ စပြီးတော့ တို့ဖတ် နမူနာပေါင်း ၁၂၆ ယောက် ယူထားပြီးပြီ၊ ၉၆ ယောက်လောက် ပို့ထားပြီးပြီ၊ ၃၀ လောက်ကတော့ မနက်ဖြန် လေယာဉ် ကြုံရင် ထပ်ပို့မှာ။"
စစ်ဆေးဖို့ယူထားတဲ့ နမူနာတွေရဲ့ ရလဒ်ကြည့်ပြီးမှ နောက်ထပ်လုပ်စရာတွေ ဆက်လုပ်သွားဖို့ ပြည်နယ်အစိုးရက စီစဉ်ထားပါတယ်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင် ကလည်း RI ဝန်ထမ်းတွေနဲ့ နီးနီးစပ်စပ် ထိတွေ့ခဲ့သူတွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
"စစ်ဘေးရှောင်စခန်းသွားတယ်ဆိုပေမယ့် စခန်းတစ်ခုလုံးနဲ့တွေတာ မဟုတ်ဘူးလေ၊ သူနဲ့ Closed ဖြစ်တဲ့လူတွေကိုတော့ ကျနော်တို့ စစ်တယ်ဗျ၊ စစ်ဘေးရှောင်စခန်းမှာ တယောက်မှ စစ်မပေးဘူး ဆိုတာတော့ မဟုတ်ဘူး။"
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ အခြားမြို့တွေကိုပါ ကူးစက်ပြန့်ပွားလာတာကြောင့် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲထားသင့်တယ်လို့ ရခိုင်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (AHCT) အတွင်းရေးမှူး ဦးခိုင်ကောင်းစံက ပြောပါတယ်။
“ပြည်နေအစိုးရအနေနဲ့တော့ လော့ခ်ဒေါင်းချထားတဲ့ ဧရိယာတွေရော၊ ဆင်းရဲနွမ်းပါးတဲ့လူတွေရော ပြည်သူအားလုံးကို သတင်းအချက်အလက်ကြားနိုင်အောင်ပေါ့လေ။ တစ်ကြိမ်တည်း မြို့ပတ်ပြီးကြေငြာတာထက် အမြဲတမ်း တစ်ရက် လေးငါးကြိမ်လောက် ကြေညာသင့်တယ်။ နောက်တစ်ခုက လူထုတွေရဲ့စားဝတ်နေရေးအတွက် အစိုးရက စနစ်တကျ ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ်လို့မြင်ပါတယ်။ နောက်ပြီးတော့ ပြည်ထောင်စုအစိုးရအနေနဲ့ 4G အင်တာနတ်လိုင်းပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ လိုအပ်တယ်။ နောက်ပြီးတော့ ပြည်တွင်းစစ်ပေါ့။ လက်ရှိမှာ ပြည်တွင်းမှာ ထိုးစစ်ဆင်နေတဲ့ဟာတွေ စစ်အင်အားလှုပ်ရှားမှုတွေကို ရပ်တန့်ထားဖို့ ပြောချင်ပါတယ်။”
ကူးစက်မှု ထိန်းချုပ်ဖို့ အစိုးရက ကြိုးပမ်းနေသလို ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုလည်း လိုအပ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွင့် ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
“ကျွန်တော်တို့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးကော်မတီကတော့လေ ခရိုင်အလိုက်၊ မြို့နယ်အလိုက်ဖွဲ့စည်းပြီးသားဖြစ်တယ်။ နောက်လုပ်ငန်းကော်မတီအလိုက်လည်း ဖွဲ့စည်းပြီးသားဖြစ်တယ်ပေါ့နော်။ ပထမအဆင့်ကတော့ ကျန်းမာရေးအသိပညာပေးမှုတွေ မြို့နယ်အလိုက် လုပ်နေကြတယ်ပေါ့နော်။ အခုဖြစ်ပွားလာတဲ့အပေါ်မှာ မူတည်ပြီးတော့ တုံ့ပြန်ရေးအဖွဲ့တွေက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မပြန့်ပွားအောင်တော့ လုပ်ဆောင်နေတာပဲ။ ဒီဟာက ကာကွယ်တယ်၊ ထိန်းချုပ်လို့ပဲရနိုင်မယ်။ ဒါက တစ်ဖွဲ့တစ်စည်းတည်းလုပ်လို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ အားလုံးပူးပေါင်းပါဝင်မှာရမှာပါ။ ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ဖို့တော့ လိုအပ်ပါတယ်။”
ရခိုင်ပြည်နယ်အတွင်းမှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတစ်ဦးကို ပြီးခဲ့တဲ့ အပတ် သြဂုတ်လ(၁၆)ရက်နေ့က စစ်တွေမြို့မှာ စတင်တွေ့ရှိခဲ့တာပါ။
အခုဆိုရင် စစ်တွေကနေ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ သံတွဲနဲ့ ကျောက်ဖြူ စတဲ့မြို့နယ်တွေအထိ ပျံ့နှံ့သွားပြီး ဆယ်ရက်အတွင်း ကူးစက်ခံရသူ စုစုပေါင်း (၁၇၄) ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။