ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးသူ တွေ့ရှိရ

ခင်မောင်စိုး
2020.06.02

အူခီးယာ ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ အသက် ၇၁ နှစ်ရှိ ရိုဟင်ဂျာဒုက္ခသည် အမျိုးသားတဦး ပြီးခဲ့တဲ့စနေနေ့က သေဆုံးသွားခဲ့တာမှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးပြောရေးဆိုခွင့်ရှိသူ  Louise Donovan လူဝီးစ် ဒိုနိုဗန် က RFA ကို မနေ့က အတည်ပြုပြောကြားပါတယ်။

အဲဒီဒေသက ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အခုအချိန်ထိ ၂၉ ဦးရှိပြီး သူတို့ကို ပြီးခဲ့တဲ့ ၂  ပတ်အအကြာက UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပူးတွဲတည်ထောင်ခဲ့တဲ့ သီးသန့်ထားကုသရေးဌာန ၂ ခုမှာ တဦးခြင်း သီးခြားထား ကုသပေးနေတယ်လို့လည်း ဆိုပါတယ်။ အလားတူဌာန ၁ဝ ခုကိုလည်း အခုထပ်မံတည်ဆောက်နေပြီး လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း စတင်အသုံးပြုနိုင်ဖို့ မျှော်လင့်ကြောင်း၊  ဒါ့အပြင် ဒီဗိုင်းရပ်စ်ကူးစက်တဲ့ လက္ခဏာပေါ်ပေါက်တွေ့ရှိရသူတွေကိုလည်း တခြားဒေသတွေ ပြန့်ပွားကူးစက်မှု မရှိအောင် ခွဲထားစောင့်ကြည့်နေကြောင်း ပြောပါတယ်။

တဆက်တည်းမှာပဲ လူဝီးစ် ဒိုနိုဗန်က ကော့ဆက်ဘဇားဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးတဲ့ ဓာတ်ခွဲခန်းတခု ထူထောင်ထားပြီး လက်ရှိမှာ တနေ့ကို လူ ၂ဝဝ ထံကရရှိတဲ့ နမူနာတွေကို စစ်ဆေးနိုင်ပါတယ်၊ WHO  ကမ္ဘာ့ကျန်းမာရေးဌာနက ပေးပို့တဲ့ နောက်ထပ်စက်တလုံးကို လာမယ့်အပတ်မှာ ရရှိမှာဖြစ်ပြီး အဲဒီစက်ကိုပါ တပ်ဆင်ပြီးရင်တော့ တရက်ကို လူ ၅ဝဝ ခန့်အထိ ဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသည်းအသန်နာမကျန်းဖြစ်တဲ့ ဗိုင်းရပ်စ်လူနာတွေကို ကုသပေးရေးအတွက် ICU အထူးကြပ်မတ်ကုသဆောင်တခုကို ကော့ဆက်ဘဇားကဆေးရုံတခုမှာ တည်ဆောက်နေပါတယ်။ အဲဒီ ကုသဆောင်မှာ အသက်ရှူစက် ၁ဝ လုံးရှိမှာဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကိုသာမက ဒေသခံပြည်သူတွေကိုပါ ကုသပေးမှာဖြစ်ပါတယ်လို့ ကုလအရာရှိက RFA ကိုပြောပါတယ်။

ကုတုပလောင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာခေါင်းဆောင် ဆိုင်းဖူးလ်ဆိုသူကတော့ အခုလို အူခီးယာစခန်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပထမဆုံးလူတယောက်သေဆုံးတဲ့သတင်းကို ကြားရတဲ့အတွက် သူတို့စခန်းက လူတွေလည်း စိုးရိမ်နေကြကြောင်း ဒါပေမယ့် စခန်းထဲမှာ လူတွေသိပ်များပြားပြီး  တဦးနဲ့တဦး ခပ်ခွာခွာနေဖို့ သတိပေးတိုက်တွန်းတာကို လူတွေက လိုက်နာမှုအားနည်းကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်က ထွက်ပြေးပြီး အဲဒီကော့ဆက်ဘဇားဒေသဒုက္ခသည်စခန်းတခုမှာ ရောက်ရှိနေတဲ့ ဟိန္ဒူလူမျိုး ၄ဝဝ ကျော်ရှိပါတယ်။ အဲဒီ ဟိန္ဒူစခန်းမှာတော့ အခုအချိန်အထိ ဒီဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ မရှိသေးပါဘူး။ ဒါပေမယ့် အာလုံးစိုးရိမ်ကြောက်လန့်နေကြပြီး မြန်မာပြည်ကို သူတို့ အလွန်ပြန်ချင်နေကြတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ရခိုင် ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ ဦးဆောင်တာဝန်ခံ ဦးရာဂူနေမြင့် က RFA ကို မနေ့ညပိုင်းမှာ  ပြောကြားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ ရခိုင်ပြည်နယ်က ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ ၁ သန်းခန့်ရှိပြီး ၁ဝ ပေ ပတ်လည်လောက် အခန်းတခုမှာ လူ ၁၂ ဦးလောက်အထိ နေထိုင်လျှက်ရှိတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမယ့် အန္တရာယ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။