ရခိုင်မှာ ပိုးတွေ့လူနာ (၁၉) ဦးအထိရှိလာ
2020.08.21
ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုဗိုင်းရပ်စ်ပိုးတွေ့လူနာ ဒီနေ့တစ်ရက်ထဲမှာ (၁၀) ဦး ထပ်တွေ့ခဲ့ပြီး တစ်ပတ်အတွင်း ပြည်တွင်းကူးစက်ခံရတဲ့ ပိုးတွေ့လူနာ (၁၉) ဦး အထိ ရှိလာပါတယ်။
ရခိုင်ပြည်နယ် စစ်တွေနဲ့ မြောက်ဦးမြို့နယ်တွေမှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ (၁၀)ဦး ထပ်တွေ့တယ်လို့ ဒီနေ့ သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့က သြဂုတ်လ ၂၀ ရက်နေ့ကလည်း ကိုရိုနာဗိုင်းရပ်စ် ပိုးရှိလူနာ (၅) ဦးကို စစ်တွေမှာ ထပ်တွေ့တယ်လို့ ထုတ်ပြန်ထားသလို သြဂုတ်လ ၁၉ ရက်နေ့နဲ့ ၁၆ ရက်နေ့မှာလည်း ပိုးတွေ့ လူနာ (၄) ဦး တွေ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အခုထပ်တွေ့တဲ့လူနာတွေဟာ မြောက်ဦးမြို့က တစ်ဦးနဲ့ စစ်တွေမြို့က CB ဘဏ်ဝန်ထမ်းတွေရဲ့မိသားစုဝင်တွေဖြစ်ပြီး စစ်တွေဆေးရုံမှာ ပိုးတွေ့လူနာ (၁၈) ဦးနဲ့ သံသယလူနာ (၁၁) ဦးရှိတယ်လို့ စစ်တွေ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က RFA ကိုပြောပါတယ်။
“ဒီနေ့စစ်တွေမှာ ဆယ်ယောက်တွေ့တယ်။ တွေ့တဲ့အထဲမှာ တစ်ယောက်က မြောက်ဦးက။ ကိုးယောက်ကတော့ စစ်တွေက။ ဘယ်ကစတွေ့တာလဲဆိုတော့ လူနာအမှတ် ၃၇၅ နဲ့ အလုပ်အတူတူလုပ်တဲ့ CB ဘဏ်ဝန်ထမ်းတွေ ရဲ့ မိသားစု လေးစုကိုစစ်တဲ့အခါ တွေ့တာပေါ့နော်။ သူတို့ကတော့ အသွားအလာ ကန့်သတ်ထားတဲ့သူတွေပေါ့ နော်။ ဆေးရုံမှာ မနေ့က ကိုးယောက်၊ ဒီနေ့ကိုးယောက်ဆိုတော့ ပိုးတွေ့လူနာ (၁၈) ယောက်ရှိတယ်။ သံသယ လူနာ (၁၁) ယောက်ရှိတယ်။”
အခုလိုရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာတွေ များလာတဲ့အတွက် ရခိုင်တစ်ပြည်နယ်လုံးက စာသင်ကျောင်း ၄၀၀ ကျော်ကိုလည်း ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ပြီလို့ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးတင်သိန်းက ပြောပါတယ်။
“အခုကျွန်တော်တို့ အထက်တန်းအဆင့် ဖွင့်လှစ်သင်ပြနေတဲ့ ကျောင်းပေါင်း လေးရာကျော် အကုန်လုံးကို ယာယီ ပိတ်လိုက်ပါတယ်။ ဒါက အခု ကိုရိုနာဗိုင်းရပ်စ်ရောဂါတွေတွေ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ ကျန်းမာရေးနဲ့အားက စားဝန်ကြီးဌာန COVID 19 ကာကွယ်ထိန်းချုပ်ရေးဗဟိုအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့အရ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အခြေခံပညာဦးစီးဌာနကစ ာထွတ်လာပါတယ်။ အဲဒီစာအရ ကျွန်တော်က ယာယီပိတ်လိုက်တာပါ။”
အခုလက်ရှိစစ်တွေမှာ ပိုးတွေ့လူနာတွေနေထိုင်တဲ့ ရပ်ကွက်က လမ်းတစ်ချို့ကို အသွားအလာ ပိတ်ပင်ထားပြီး လော့ခ်ဒေါင်းလုပ်ပြီး ဈေးတွေကိုလည်း အစိုးရက နေ့တစ်ဝက်ပဲ ဖွင့်ခွင့်ပေးထားပါတယ်။ စစ်တွေမြို့မှာ အခုလိုပြည်တွင်း ကူးစက်ခံရတဲ့ ပိုးတွေ့လူနာတွေ ရခိုင်ပြည်နယ်မှာ တစ်နေ့တခြား ပိုမိုးများလာတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့် ကြပြီး လမ်းတွေမှာလည်း အရင်ကထက် အသွားအလာ သိသိသာသာ နည်းပါးနေပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေဝန်ကြီး ဦးဝင်းမြင့်က အခုလက်ရှိ စစ်တွေမြို့မှာ အစိုးရက ကန့်သတ်ချက်တွေထုတ်ထားပြီး မလိုက်နာတဲ့သူတွေကို တည်ဆဲဥပဒေနဲ့ အရေးယူမှာဖြစ်တယ် လို့ ပြောပါတယ်။
အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှုမရှိစေရေးနဲ့ အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် ဒီနေ့ ည ၉ နာရီကနေ မနက် ၄ နာရီအထိ စစ်တွေမြို့မှာ ညမထွက်ရအမိန့်ကို (၂) လ ထုတ်လိုက်ပြီး မလိုက်နာရင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။
မနေ့ကလည်း နေအိမ်မှာပဲနေကြဖို့နဲ့ အရေးတကြီး အပြင်ကိုသွားမယ်ဆိုရင် နှာခေါင်းစည်းတပ်ပြီး သွားကြဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာက ထုတ်ပြန်ခဲ့သလို အဲဒီထုတ်ပြန်ချက်ကို မလိုက်နာရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရစ်ပိုးကို ထိန်းချုပ်ဖို့အတွက် အခုလိုလုပ်ဆောင်ထားပေမယ့် ဒီနေ့တစ်ဦး စတွေ့တဲ့ မြောက်ဦးမြို့မှာတော့ ဘာမှလုပ်ဆောင်ထားတာမရှိသေးဘူးလို့ မြောက်ဦးမြို့ခံတစ်ဦးဖြစ်တဲ့ ဦးဇော်ထွန်း ပြောပါတယ်။
“ဒေသခံတွေအကုန်လုံးက ကြောက်နေကြတာပဲဗျ။ ဒါပေမဲ့ စိတ်ကပဲကြောက်နေကြတာ။ လမ်းမှာလူတွေ စည်စည်ကားကား သွားနေကြတုန်းပဲ။ အင်တာနက် ပိတ်ထားတဲ့အခါကျတော့ ကိုယ်ကိုယ်တိုင် ဘာလုပ်ရမယ်၊ ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုပြောင်းလဲရမယ်ဆိုတဲ့ ပုံစံမျိုးမှာကျတော့ တခြား အင်တာနက်ဖွင့်ထားတဲ့ဒေ သတွေမှာလိုမျိုး လူတွေကမသိကြဘူး။ အဲဒါကတစ်ချက်ပေါ့နော်။ နောက်တစ်ခါကျတော့ ရှင်းရှင်းပြောရရင်တော့ဗျာ တာဝန်ရှိတဲ့သူတွေက ဒါကိုစနစ်တကျ တိကျပြတ်သားတဲ့လမ်းညွှန်ချက်နဲ့အကောင် အထည်ဖော်မှု အားနည်းတာတွေပေါ့လေ။ အဲဒါတွေကြောင့် ဒီလောက် ကြောက်စရာကောင်းတဲ့ အခြေအနေမှာတောင် သိပ်ပြီးတော့ အပြောင်းအလဲ မတွေ့ရတာဖြစ်ပါတယ်ခင်ဗျ။”
အခုလက်ရှိစစ်တွေမှာ အပတ်အတွင်းကူးစက်ခံရသူ (၁၈) ဦးအထိရှိလာပြီး သူတို့ကိုကုသပေးနေတဲ့ စစ်တွေဆေးရုံကြီးမှာ ပိုးတွေ့လူနာတွေအတွက်နေရာ (၄၀) ပဲရှိတဲ့အတွက် ဒီရက်ပိုင်းအတွင်း နောက်ထပ်လူနာ တိုးလာမယ်ဆိုရင် ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ဒေသခံတွေက သိချင်နေကြပါတယ်။