ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနိုင်ခြေများနေ


2020.05.07

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေတဲ့အချိန်အတောအတွင်း ထိခိုက်အလွယ်ဆုံး လူနည်းစုတွေကို ဘယ်လို အကာအကွယ်ပေးသင့်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲတခုကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ မနေ့က အင်တာနက်တာနက်ကတဆင့်ကျင်းပခဲ့ပြီး အဲဒီမှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့  Refugee International အဖွဲ့အကြီးတန်းအရာရှိ Dan Sullivan က ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရှိတဲ့ ကော့ဆက်ဘဇားခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူတွေ ရှိနေပြီဖြစ်တဲ့အတွက်၊ ဒုက္ခသည်စခန်းတွေထဲမှာ ရောဂါကူးစက်မှုတွေ ဖြစ်လာဖို့ အလားအလာ ပိုများနေပြီလို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ အပတ်က အထိတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဆက်ဘဇားခရိုင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ ၂၀ လောက် ရှိသွားပါပြီ။ ဒီ ကော့ဆက်ဘဇား ခရိုင်ထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေနဲ့ ဒုက္ခသည်တွေ သန်းနဲ့ချီပြီး ရှိနေတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာလဲ ရောဂါဖြစ်ပွားတဲ့ အရေအတွက်က အလျင်အမြန် တိုးလာနေပါတယ်။ လက်ရှိအချိန်အထိတော့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲမှာ ရောဂါဖြစ်ပွားတာ မတွေ့ရသေးပေမယ့် ရောဂါဖြစ်ပွားမှုတွေ ရှိလာဖို့ အချိန်တစ်ခုပဲ ကြာတော့မှာပါ။  ဒုက္ခသည်စခန်းတွေမှာ ရောဂါဖြစ်လာရင် ကာကွယ်ဖို့နဲ့ ကုသဖို့ လုံးဝ အသင့်မဖြစ်သေးပါဘူး။ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ရောဂါဖြစ်လာရင် သီးခြားထားဖို့ နေရာတွေ ပြင်ဆင်နေပါတယ်။ လူ ၂၀၀၀ လောက်ကို ဒုက္ခသည် စခန်းတွေထဲ လွှတ်ပြီး၊ ဒုက္ခသည်တွေအကြား မှာ ရောဂါအကြောင်း ပညာပေးဖို့လည်း လုပ်နေပါတယ်။ ဒါပေမယ့် စုစုပေါင်း ဒုက္ခသည် ကိုးသိန်းလောက် ရှိနေတဲ့အတွက် ထိထိရောက်ရောက် လုပ်ဖို့မလွယ်ပါဘူး။ ဒါကြောင့်မို့ ရှိပြီးသား အခက်အခဲတွေအပြင် ထပ်ပြီး အခက်အခဲတွေ့အောင် မလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။”


ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေကြောင့် ရိုဟင်ဂျာတွေအပေါ်  ပိုပြီးကန့်သတ်မှုတွေ လုပ်လာနေပါတယ်။ မကြာသေးခင်က ရိုဟင်ဂျာ ဒုက္ခသည်တွေ အပြည်တင်ဆောင်ထားတဲ့ လှေ အနည်းဆုံး သုံးစီးလောက် ဘင်္ဂလားပင်လယ်ထဲမှာ လနဲ့ချီ မျောနေခဲ့ပြီး၊ ပြန်လည်ကယ်တင်နိုင်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဒုက္ခသည်စခန်းတွေဆီကို ပြန်မပို့တော့ပဲ လူမနေတဲ့ ကျွန်းတစ်ခုကို ပို့လိုက်ပါတယ်။ အလားတူ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးပြီး ပြန်ရောက်လာသူတွေကိုလည်း လက်မခံတော့ဘဲ ဒီကျွန်းကိုပဲ ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာထားပါတယ်။

မြန်မာနိုင်ငံဘက်မှာတော့ အခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခဲ့တဲ့ ဖြစ်ရပ်တွေ တိုးလာပါတယ်။ ပြီးခဲ့တဲ့လက မြန်မာနှစ်သစ်ကူးရက်မှာ အကျဉ်းသား ၂၅၀၀၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အထဲမှာ ရိုဟင်ဂျာ အကျဉ်းသား ၈၀၀ လောက် ပါ၀င်နေပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ ရိုဟင်ဂျာတွေကို ကိုရိုနာ ရောဂါ ရှိမရှိ စစ်ဆေးစမ်းသပ်ပြီးတဲ့နောက် ရေတပ် သင်္ဘောနဲ့ စစ်တွေမြို့နဲ့ ဘူးသီးတောင် မောင်တောမြို့တွေ ဆီကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေ များပြားပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရနိုင်တဲ့ အခြေအနေတွေကြောင့် အကျဉ်းသား အမြောက်အမြားကို ပြန်လွှတ်ပေးလိုက်ပေမယ့်၊ ရိုဟင်ဂျာ အကျဉ်းသားတွေအတွက်ကတော့ အလားတူ ရောဂါ ကူးစက်ခံရနိုင်ခြေရှိတဲ့ ဒုက္ခသည် စခန်းတွေဆီကို ပြန်ပို့ လိုက်တဲ့အတွက်လည်း လူ့အခွင့်ရေးစောင့်ကြည့်ရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေရှိနေပေမယ့်၊ နိုင်ငံတကာ အကူညီပေးရေး အဖွဲ့တွေ အနေနဲ့ ထိထိရောက်ရောက် အကူအညီပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့ Refugee International အဖွဲ့က Dan Sullivan က ပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို လူသားချင်း စာနာမှု အကူအညီတွေ မပေးနိုင်အောင် အကန့်အသတ်တွေ ချမှတ်ထားတာ ကြာလှပါပြီ။ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ အင်တာနက် ဖြတ်တောက်ထားတာကလည်း အဲဒီဒေသကို နိုင်ငံတကာက အကူအညီတွေ ရောက်လာဖို့ ပိုပြီး ခက်ခဲစေပါတယ်။ ”


မနေ့က ဝါရှင်တန်ဒီစီမှာ အင်တာနက်ကတဆင့် ကျင်းပတဲ့ဟောပြောပွဲကို Heritage Foundation က ဦးစီးကျင်းပပေးခဲ့တာဖြစ်ပြီး မြန််မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအကြောင်း အပြင် တရုတ်နိုင်ငံက ဝီဂါမူဆလင်တွေရဲ့ အခက်အခဲတွေအကြောင်းနဲ့ မြောက်ကိုရီးယားနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေအကြောင်းကိုလည်း လေ့လာသူတွေက ဟောပြောဆွေးနွေးခဲ့ကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။