နေပြည်တော်မှာ ဗိုင်းရပ်စ် စောင့်ကြည့်ခံရသူ ပြည်ပပြန် ၆၅၀ ကျော်ရှိ
2020.04.01
နေပြည်တော်က အစိုးရဆေးရုံတွေနဲ့ စည်ပင်ဧည့်ရိပ်သာ ၁ မှာ ပြည်ပက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၆၅၀ ကျော် စောင့်ကြည့်ခံရသူတွေအဖြစ် ရှိနေပြီး အစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးနေပါတယ်။
တပ်မတော်ဘက်ကလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခြေအနေ စောင့်ကြည့်ဖို့ နေပြည်တော်မှာ လူတစ်သောင်းခွဲအတွက် နေရာထိုင်ခင်း အသင့်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာရှိတဲ့ ပုပ္ဗသီရိ၊ ဥတ္တရသီရိနဲ့ ဇေယျာသီရိမြို့နယ်က ဆေးရုံတွေနဲ့ စည်ပင်ဧည့်ရိပ်သာ ၁ မှာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ စောင့်ကြည့်ခံရသူ ၆၅၀ ကျော်ရှိနေပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ ကူညီရေး အဖွဲ့တွေက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ( Covid 19 ) ကာကွယ်ရေးနဲ့ အရေးပေါ် လူမူကူညီရေး အစီအစဉ်မှာ နာယက အဖွဲ့ဝင် တစ်ဦးဖြစ်သူ NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ က စောင့်ကြည့်ခံရသူတွေရဲ့ အခြေအနေ ကောင်းမွန်တယ်လို့ ပြောပါတယ်။
"ခုနှစ်ရက်နေ့ဆိုရင် ပထမ ၁၄ ရက်ပြည့်မယ်။ ၇၊ ၈၊ ၉၊ ၁၀ ကျနော်တို့ ရှိတဲ့လူတွေထဲက အဲလိုပဲ၊ ၁၄ ရက်လောက်ဆိုရင် ခုရှိတဲ့လူတွေ အကုန်လုံးက ပြန်ရမယ်။ အခုလက်ရှိ အခြေအနေကတော့ ကောင်းပါတယ်။ အဲဒါပါပဲ။ လောလောဆယ်ဒီ ၆၅၇ ဦးမှာ ကျန်းမာရေး တစ်ခုခုဖြစ်တဲ့ အချက်အလက်တွေ မရှိသေးပါဘူး။ အကုန်လုံးကတော့ အခြေအနေ ကောင်းကြပါတယ်။"
သူတို့ရဲ့ အခြေအနေက ကောင်းမွန်နေပြီး နောက်ရက်ပိုင်းတွေအတွင်း အိမ်ကို ပြန်နိုင်ပြီလို့ ပြောပါတယ်။
လက်ရှိ နေပြည်တော်က ခုတင် ၁၀၀၀ ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိလို့ ကုသခံနေရတဲ့ ကုလသမဂ္ဂ ဝန်ထမ်း ဆွစ်ဇာလန်နိုင်ငံသူ တစ်ဦးရှိပြီး လူနာအခြေအနေ ကောင်းမွန်တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ပပက က ပြောပါတယ်။
"Positive လူနာအခြေအနေ ကောင်းပါတယ်။ ကောင်းမွန် ကျန်းမာပါတယ်။ ဟုတ်ကဲ့။ ဆေးရုံမှာက သူနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ နှစ်ယောက်ပဲရှိပါတယ်။"
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် အစိုးရနဲ့ တပ်မတော်တို့က ဆောင်ရွက်နေသလို နိုင်ငံရေးပါတီတွေကလည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ရေး ရန်ကုန် ဘုရင့်နောင် တည်းခိုရေးနဲ့ စစ်ကြောရေးစခန်းမှာ ကုတင် နှစ်ထောင်နဲ့ နေပြည်တော်မှာ ကုတင် တစ်သောင်းခွဲ ပြင်ဆင်ထားတယ်လို့ တပ်မတော်ခေါင်းဆောင်တွေက ပြောပါတယ်။
နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော် က
"တပ်ချုပ်ကြီးလည်း သူ့ရဲ့ အစည်းအဝေးမှာ ပြောကြားပြီးဖြစ်ပါတယ်။ ပြောကြားထားတာ အင်အား တစ်သောင်းခွဲလောက်အထိ ပြည်သူလူထုအနေနဲ့ ပေးပို့ဖို့လိုအပ်လာပြီ။ Quarantine လုပ်ဖို့ လိုအပ်လာပြီဆိုရင် အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးမှာ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အဲဒီမှာလည်း စားရေးသောက်ရေးကအစ တပ်မတော်က လိုအပ်တဲ့ဟာတွေကို ကူညီပေးဖို့ စီမံထားပါတယ်။ အခုလည်း ချက်ပြုတ်ရေးအဖွဲ့တွေလည်း ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ သန့်ရှင်းရေးတွေ၊ အိပ်ယာ၊ စောင်၊ ခြင်ထောင်၊ အခမ်းအနားက အစ ပြင်ဆင် ဆောင်ရွက်ပြီး ဖြစ်ပါတယ်။"
ဒီနေ့ မနက်ပိုင်းမှာ တပ်မတော်က နေပြည်တော်မှာရှိတဲ့ အောင်စည်သာ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၊ ပျဉ်းမနား ရှမ်းကန် အနီးက ဟိန္ဒူဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အဦးတွေ၊ လူစည်ကားတဲ့ နေရာတွေမှာ ပိုးသတ်ဆေး ဖျန်းခဲ့ပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရန်ကုန်မှာ ကုတင် နှစ်ထောင်နဲ့ နေပြည်တော်မှာ ကုတင် တစ်သောင်းခွဲ ပြင်ဆင်ထားတယ်လို့ မနေ့က RFA ကို ပြောခဲ့ပါတယ်။
"လှိုင်မှာရှိတဲ့ ရန်ကုန် စစ်ကြောရေးနဲ့ တည်းခိုရေး၊ ဘုရင့်နောင် နားလေးကပေါ့၊ အဲဒီမှာ ပြင်ဆင်ခိုင်းထားတာ ကုတင် နှစ်ထောင် ပြင်ခိုင်းထားတာရှိတယ်။ နေပြည်တော်မှာက တစ်သောင်း ငါးထောင် ပြင်ခိုင်းထားတာရှိတယ်။ ဒီနေ့မှာတော့ ရန်ကုန်မှာရှိတဲ့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ Quarantine လူနာတွေ စတင်လက်ခံပါတယ်။ ဒီနေ့ည ၇ နာရီ ၄၅ မိနစ်အထိ တရုတ်နိုင်ငံက ပြန်ရောက်လာတဲ့ အမျိုးသား လေးယောက် ၊ အမျိုးသမီး သုံးယောက်၊ ထိုင်းကပြန်ရောက်လာတဲ့ အမျိုးသား ၂၄ ယောက်၊ အမျိုးသမီး ၂ ယောက် ၊ စုစုပေါင်း ၃၃ ယောက်ကို စောင့်ကြည့်လူနာအဖြစ် ကျနော်တို့ လက်ခံခဲ့ပါတယ်။"
ဧပြီလ ၁ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်းအထိ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေရှိတဲ့ လူနာတွေထဲက တစ်ဦးသေဆုံးခဲ့ပြီး ပိုးတွေ့ရှိသူ ၁၅ ဦး၊ စောင့်ကြည့်လူနာ ၅၅၉ ဦးဖြစ်ပါတယ်။
ပြည်ပက ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို စောင့်ကြည့် ၁၄ ရက်ကာလ ဆောင်ရွက်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။