ရန်ကုန်လေဆိပ်ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာကို ကျန်းမာရေးဌာန စစ်ဆေးနေ
2020.01.31

တရုတ်နိုင်ငံကနေ ရန်ကုန်လေဆိပ်ကို ဒီကနေ့ China Southern airline လေကြောင်းလိုင်းနဲ့ ရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦးအဖြစ် စစ်ဆေးနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနကနေ သိရပါတယ်။
တရုတ်နိုင်ငံ ကွမ်ဂျိုးလေဆိပ်ကနေ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပျံသန်းလာတဲ့ China Airlineပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့ တရုတ်လူနာတစ်ဦး ပါလာခဲ့ပါတယ်။
ဒီပါလာတဲ့ အဲဒီလူနာကို မြောက်ဥက္ကလာ ဝေဘာဂီ ကူးစက်ရောဂါကုသရေးဆေးရုံမှာ စောင့်ကြည်လူနာအဖြစ် ပို့ဆောင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက် ရေးဌာနခွဲ ဒုတိယညွှန်ကြားမှူး ဒေါက်တာခင်ခင်ကြီးက RFA ကို အတည်ပြု ပြောဆိုပါတယ်။
“သံသယလူနာ တွေ့တယ်ဆိုတာ ဟုတ်ပါတယ်၊ သူရောဂါဖြစ်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူး၊ သံသယလူနာတိုင်းဟာ positive case မဟုတ်ပါဘူး၊ သူက တရုတ်ပြည်ကလာတယ်၊ ဖျားတယ်၊ အသက်ရှုလမ်းကြောင်း ဝေဒနာခံစားနေရတယ်၊ အဲဒါကြောင့် ကျမတို့က သံသယလူနာအဖြစ်နဲ့ ဝေဘာဂီဆေးရုံမှာ ပို့ထားပါတယ်”
ဒီလူနာဟာ တရုတ်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဟူပေပြည်နယ်က လာရောက်တာဖြစ်ပြီး လေယာဉ် ပေါ်မှာ ဖျားနာနေတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းခြောက်တာ၊ သက်ရှုကြပ်တာ စတဲ့လက္ခဏာတွေ ပြတာကြောင့် သံသယလူနာအဖြစ် သတ်မှတ်ပြီး မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ကူးစက်ရောဂါကုဆေးရုံမှာ စောင့်ကြည်လူနာအဖြစ် ထားရှိကုသနေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
အဲဒီလူနာဆီကရတဲ့ အချက်အလက်တွေကို ထိုင်းနိုင်ငံရှိ ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးသွားပြီး ကိုရိုနာဗိုင်းရပ်စ် ဟုတ်၊ မဟုတ် အတည်ပြုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဒီရောဂါနဲ့ပတ်သက်ပြီး စစ်ဆေးဖို့မရှိတာကြောင့် ဒီတရုတ်နိုင်ငံက လေယာဉ်တွေ ဝင်ခွင့်ပေးတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိသလို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
မြန်မာပြည်မှာဖြစ်ရင် ကုသနိုင်တဲ့အခြေအနေ မရှိတာကြောင့် တရုတ်နိုင်ငံ ကလေယာဉ်တွေ ဝင်ခွင့်ပိတ်သင့် တယ်လို့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူလည်း ဦးအောင်မြင့်က ပြောပါတယ်။
“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ လိုပြီလို့ပြောတယ်၊ ကမ္ဘာလုံးဆိုင်ရာပြဿနာလို့ ဒီနေ့ ကြေညာတယ်လေ၊ တရုတ်လေယာဉ်နဲ့ ပတ်သက်လို့ မြန်မာပြည်အနေနဲ့ ဒီခရီးစဉ်တွေကို ချွန်းချက်အနေနဲ့ ရပ်ဆိုင်းဖို့လိုပြီ၊ ဒီရောဂါက မြန်မာပြည်အနေနဲ့ ဘယ်လို့မှ ကုသနိုင်တဲ့အခြေအနေ မဟုတ်ဘူး၊ ဒီဗိုင်းရပ်စ်ပိုးသာ မြန်မာပြည်ရောက်လာရင် ဆွမ်းသွပ်စရာ ဘုန်းကြီးတောင် ကျန်မှာမဟုတ်ဘူး”
ဒီလေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေထဲက မြန်မာနိုင်ငံသား နှစ်ဦးကိုသာ ပြည်ဝင်ခွင့်ပေးခဲ့ပြီး လေယာဉ်အမှု ထမ်းတွေအပါအဝင် လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေကို ပြန်လည်ထွက်ခွာသွားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီကွမ်ဂျိုးကနေလာတဲ့ လေယာဉ်ပေါ်ပါတဲ့ ခရီးသည်တွေဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး မြန်မာပြည်မှာနေမယ်ဆိုရင် ဟိုတယ်မှာ နှစ်ပတ်ကြာ စောင့်ကြည်မယ့်ဆိုတာကြောင့် ပြည်တွင်းကို ဝင်ရောက်တာမရှိပဲ ပြန်သွားကြတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ပေါ်ပါလာတဲ့ မြန်မာခရီးသည်နှစ်ဦးဟာ ဖျားနာတာ၊ ကိုယ်ပူတာစတဲ့ရောဂါလက္ခဏာ မတွေ့ရပေမယ့် လက်ရှိဝေဘာဂီဆေးရုံရှိ အထူးအခန်းမှာ ရောဂါကူးစက်မှုရှိမရှိ စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဇန်နဝါရီလ ဆန်းပိုင်းလောက်ကစပြီး အဲဒီရောဂါပိုး ကူးစက်ပျံ့နှံ့နေတာကြောင့် မြန်မာအစိုးရအနေနဲ့ တရုတ်နယ်စပ်ဂိတ်ပေါက်တွေနဲ့ လေဆိပ်တွေမှာ စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒီကနေ့ညနေပိုင်း နေပြည်တော် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
လက်ရှိမှာမြန်မာနိုင်ငံကို တရုတ်နိုင်ငံကနေ ပြန်လာတဲ့သူတွေကို သံသယရှိတဲ့သူတွေတွေရင် စောင့်ကြည်ကုသ တာတွေပြုလုပ်နေပြီး အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ်တွေရှိတာ မရှိသေးဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။
“ဇန်နဝါရီလ ၇ ရက်နေ့မှာ တရုတ်နိုင်ငံက ဒီဗိုင်းရပ်စ်ကို အတည်ပြုခဲ့ပါတယ်၊ ဒီလိုအတည်ပြုပြီးတဲ့နောက်မှာတော့ ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်တဲ့ လေဆိပ်တွေ၊ နယ်စပ်ဂိတ်တွေ၊ ရန်ကုန်-မန္တလေး နေပြည်တော် လေဆိပ်တွေ၊ ဆိုက်ရောက်နေရာတွေမှာ စခရင်တွေလုပ်ပြီးတော့ စစ်ဆေးမှုတွေ စတင်ပါတယ်၊ နောက်တစ်ခုက နယ်စပ်ဂိတ်တွေမှာလည်း ဝင်ထွက်ဂိတ်တွေမှာ စစ်ဆေးတာတွေ စတင်ဆောင်ရွက်နေပါတယ်”
တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိတဲ့ ကျောင်းသား ၆၀ ကျော်ကို လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အထူးလေယာဉ်နဲ့ ပြန်ခေါ်မှာဖြစ်ပြီး မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ နှစ်ပတ်ကြာ စောင့်ကြည့်သွားမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။