မြန်မာမှာ လပိုင်းအတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနိုင်ဖို့ ရည်မှန်း

ခင်မောင်စိုး
2020.11.24

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ လာမယ့် နှစ်အတွင်း လူဦးရေအားလုံးရဲ့ ၄ဝ ရာခိုင်နှုန်း နဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကျန် ၆ဝ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ NITAG နိုင်တက် ခေါ် အမျိုးသား ကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် ဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းအောင်က RFA ကို ပြောပါတယ်။ ပြည်သူတွေအတွက် အန္တရာယ်ကင်းတဲ့ ကာကွယ်ဆေးကို ရရှိဖို့လည်း နိုဝင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ အလေးထားဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အမေရိကန်ဆေးကုမ္ပဏီ Pfizer ဖိုင်ဇာနဲ့ ဂျာမန်ဆေးကုမ္ပဏီ Biontech ဘိုင်ယွန်တက် တို့က သူတို့ ကုမ္ပဏီတွေက ထုတ်မယ့် Covid-19 ကာကွယ်ဆေးတွေကို နောက်ဆုံး တတိယအဆင့် စမ်းသပ်မှုတွေ ပြီးဆုံးအောင်မြင်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်အတွင်းက ထုတ်ဖော်ကြေညာခဲ့သလို ကမ္ဘာတဝန်း ဒီဗိုင်းရပ်စ်ကာကွယ်ဆေးတွေကို မကြာခင် စတင်ထိုးနှံဖို့ ပြင်ဆင်နေကြချိန်မှာ မြန်မာနိုင်ငံမှာလည်း အလားတူထိုးနှံဖို့ လိုအပ်ချက်တွေကို သက်ဆိုင်ရာတွေက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းမှာ အနှစ် ၃ဝ ခန့် အတွေ့အကြုံရှိပြီဖြစ်ပြီး NITAG နိုင်တက်ခေါ် အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင်အဖြစ် လက်ရှိဆောင်ရွက်နေတဲ့ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းအောင်က ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်တဲ့ သူတို့အဖွဲ့အစည်းအဝေးမှာ မြန်မာပြည်သူတွေကို လာမယ့် ၂ နှစ်အတွင်း ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံဖို့ ဆွေးနွေးခဲ့ကြတယ်လို့ RFA ကို ပြောပါတယ်။

“၂ဝ၂၁ ခုနှစ်မှာ ၄ဝ ရာခိုင်နှုန်း ၊ ၂ဝ၂၂ မှာ ၆ဝ ရာခိုင်နှုန်းနဲ့ ၂ နှစ်အတွင်းမှာ အပြီးထိုးဖို့ မနေ့က ကျနော်တို့ဆွေးနွေးပါတယ်။ အရင်တုန်းကဆိုရင် နိုင်ငံတော်ရဲ့ ဘတ်ဂျက်က တော်တော်လေး နည်းတယ်။ အခုတော့ ဘတ်ဂျက်က များလာတယ်။ လူတွေကို သိစေချင်တဲ့အ ကြောင်းလေးရှိပါတယ်။ လူတွေက စိုးရိမ်တော့ အပြင်မှာလာပြီး ကာကွယ်ဆေးထိုးချင်တယ်လို့ စုံစမ်းမေးမြန်း လုပ်ကြတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာက အဲဒါတွေ မလုပ်ပါနဲ့။ ကာကွယ်ဆေးက အန္တရာယ်ကင်းတဲ့ ကာကွယ်ဆေးကို ကျနော်တို့ ရွေးပြီး လုပ်နေပါတယ်။ နောက်တခုက ထိုးမယ့် အဖွဲ့အစည်း EPI ( Expanded Program of Immunization ) ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့ထားတာ။ ဒီဌာနက ဒီလုပ်ငန်းကို တောက်လျှောက်လုပ်တာ ဖြစ်တော့ အတွေ့အကြုံ အများကြီးရှိတယ်။ ပိုကောင်းတာက ဒီတပတ် ၂ ပတ်အတွင်းမှာ လူအင်အားရော တခြားအင်အားတွေပါ အဲဒီအတွက် အများကြီး ဖြည့်ဆည်းပေးလိုက်တာရှိတယ်”

အဲဒီကာကွယ်ဆေးကို ဗိုင်းရပ်စ်ပိုးကူးစက်မှု အန္တရာယ် အများဆုံးရှိတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ Volenteer လုပ်အားပေးတွေ ပြီးရင် အသက်ကြီးသူတွေကို ဦးစားပေးမှာဖြစ်ပြီး တတိယအနေနဲ့ ကုန်ထုတ်လုပ်ငန်းခွင်က လူတွေကို ရည်မှန်းထားကြောင်း၊ လူနေထူထပ်ပြီး ကူးစက်မှု အန္တရာယ်များတဲ့ဒေသတွေကိုလည်း ထည့်သွင်း စဉ်စားခဲ့ကြကြောင်းနဲ့ လူမျိုးဘာသာဒေသ ခွဲခြားနှိမ့်ချမှုတွေကို ပြုလုပ်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ ကာကွယ်ဆေးကို လာမယ့် မတ်လလောက်မှာ စတင် ထိုးနှံနိုင်မယ်လို့ သူက ခန့်မှန်းပါတယ်။

“အမေရိကန်လို တိုင်းပြည်မှာတောင်မှ ဒီဇင်ဘာကုန်လောက်မှ တော်တော်များများ ဖြစ်နိုင်တဲ့ သဘောရှိတယ်။ ကျနော်တို့က သူတို့ထက် ၂ လ ၃လ နောက်ကျနိုင်တယ်။ ဆေးတွေကို စဉ်းစားတဲ့အခါမှာ ၅ ခု ၆ ခုလောက်တော့ ရှိတယ်။ အဲဒီထဲမှာ ကျနော်တို့လက်ခံတာက WHO အဖွဲ့အစည်းကနေပြီးတော့ Pre-qualified ပေါ့။ သူတို့လက်ခံနိုင်တဲ့ criteria တွေရှိတဲ့ ဆေးကိုပဲ ကျနော်တို့ က ရွေးဖို့ စဉ်းစားတယ်။ ဘာလို့လဲဆိုတော့ အဲလိုအဖွှဲ့အစည်းတွေက သေချာစနစ်တကျ လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် လူတွေအတွက် အန္တရာယ်မဖြစ်ဖို့ဆိုတာ ကျနော်တို့မှာ တာဝန်အများကြီးရှိတယ်။ နောက်တခုက တချို့ဆေးတွေဆို ကောင်းတော့ကောင်းပါတယ် အအေးကို မိုင်းနပ်စ် ၈ဝ ဒီဂရီ စင်တီဂရိတ်တို့ ၉ဝ တို့ ဆိုတဲ့အခါကျတော့ သယ်ယူပို့ဆောင်ရေးက ကျနော်တို့မှာ အများကြီး ပြဿနာတွေ တက်တယ်။ ကျနော်တို့ရဲ့ လက်ရှိအအေးပေး သယ်ယူရေးစနစ်နဲ့ အဲဒါတွေ လုပ်တဲ့အခါမှာ ကျနော်တို့ upgrading လုပ်ဖို့လိုတဲ့အခါမှာ ဘယ်လောက်လောက် ကုန်ကျမလဲ ဘာတွေလိုမလဲ ဆိုတာ အခုစဉ်းစားပြီး တွက်နေတာရှိတယ်။ ကျနော်တို့နဲ့ သင့်တော်မယ်လို့ ထင်တဲ့ ဆေးတွေတော့ရှိတယ် ဒါပေမဲ့ အားလုံး Consensus မယူရသေးတဲ့အတွက် ကျနော့်အနေနဲ့ ဒီအချိန်မှာ ပြောဖို့ တော်တော်ခက်ပါတယ်”

မြန်မာနိုင်ငံမှာ မနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၇ဝဝ ကျော်ကိုတွေ့ရှိခဲ့ပါတယ်။ စစ်ဆေးနိုင်တဲ့ နေရာအရေအတွက် များလာတာနဲ့အမျှ ကူးစက်သူတွေကို ပိုမိုတွေ့ရှိနေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်တွေ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ တောင်ဥက္ကလာပမြို့နယ် Fever Clinic ဖျားနာကုသရေးဆေးခန်းက ဒေါက်တာ ဦးကျော်မင်းထွန်းက ကူးစက်မှုကို စစ်ဆေးဖို့အတွက် သူတို့ ပုဂ္ဂလိကဆေးခန်းတွေကိုလည်း ခွင့်ပြုသင့်တယ်လို့ ပြောပါတယ်။

“ဒီ Fever Clinic မှာ Test Kit တွေ ကျနော်တို့တောက်လျှောက်တောင်းဆိုလာတာ။ အခုအချိန်အထိ တိုင်းကျန်းမာရေးက အသိအမှတ်မပြုသေးဘူး။ များများစစ်နိုင်ရင် များများထွက်လာမယ်။ အခုအချိန်အထိ လမ်းမှာတွေ့တုန်းပဲ။ နှာခေါင်းစည်း မတတ်ဘူး။ စည်းကမ်းတကျနေမယ်ဆိုရင်တော့ တချိန်မှာ ထိန်းချုပ်သွားနိုင်မယ်ပေါ့နော်။ မနေဘူး ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ ထိန်းချုပ်နိုင်ဖို့ မလွယ်ဘူး။”

မြန်မာနိုင်ငံမှာ အခုအချိန်ထိ ကိုဗစ် ၁၉ ကူးစက်သူ ၈၂ဝဝဝ ကျော်နဲ့ သေဆုံးသူ ၁၇ဝဝ ကျော် ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။