အဂတိလိုက်စားမှုတွေ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနထံ တိုင်ကြားနိုင်ပြီ
2016.11.02
ပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ရဲ့ အဂတိလိုက်စားမှုတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနထံ ဆက်သွယ်တိုင်ကြားနိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက် ပါတယ်။
တိုင်ကြားမယ်ဆိုရင် ဒုတိယဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန၊ ရုံးအမှတ် ၂၀ ၊ နေပြည်တော်ကို လိပ်မူပြီး ပေးပို့နိုင်သလို E-mailလိပ်စာဖြစ်တဲ့ compt.msco@gmail.com ကိုလည်း ပေးပို့နိုင်တယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် ဖက်(စ်) နံပါတ် ၀၆၇-၄၀၉၂၉၂ ကိုလည်း တိုင်ကြားနိုင်ကြောင်း သတင်းထုတ်ပြန် ထားတာဖြစ်ပါတယ်။
တိုင်ကြားသူရဲ့ နာမည်၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အမြဲတမ်းနေရပ်လိပ်စာ၊ ဆက်သွယ်ဖို့ ဖုန်းနံပါတ်၊ E-mail စတာတွေနဲ့ အစိုးရဌာဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အဂတိလိုက်စားမှုနဲ့ မမှန်မကန်လုပ်ဆောင်ခဲ့မှု အထောက်အထား အပြည့်အစုံတွေကို တင်ပြတိုင်ကြားရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာနအနေနဲ့လည်း လက်ခံရရှိတဲ့တိုင်တန်းချက်တွေ ကို မပေါက်ကြားအောင် စီစဉ်ထားကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တရားရုံးတစ်ခုခုမှာ အမှုဖွင့်ထားတာတွေ၊ စစ်ဆေးဆဲအမှုတွေနဲ့ ဆုံးဖြတ်ချက်ချပြီးသား အမှုတွေကိုတော့ မတိုင်ကြားကြဖို့ မေတ္တာရပ်ခံထားပါတယ်။
အဲဒီအချက်နဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတဲ့ကိစ္စတွေမှာ အဆင်မပြေမှုတွေ မမျှတမှုတွေရှိနေတာကို တိုင်စာပေးပို့တဲ့ အခါ လက်ခံသင့်ကြောင်းနဲ့ တော်တော်များများက အဲဒီအချက်ကို မနှစ်သက်ကြောင်း ဝေဖန်နေကြပါတယ်။