အဂတိမှုများကို ခိုင်လုံတဲ့ အထောက်အထားနဲ့ တိုင်ဖို့ပြော
2016.08.10

နိုင်ငံတဝန်းလုံးမှာ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက်တိုက်ဖျက်နိုင်ဖို့အတွက် အစိုးရကို တိုက်တွန်းရုံနဲ့ မလုံလောက်ဘဲ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ တိုင်ကြားဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပြောပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်မှာ နိုင်ငံအဝန်း အဂတိလိုက်စားမှု ကျဆင်းရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေ ရှင်းဆောင် ရွက်ပေးရေး ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ် ၁၈ ဦးက ထောက် ခံဆွေးနွေးးပြီးနောက် အတည်ပြုလိုက်ပါတယ်။
အဲ့ဒီအဆိုကို အတည်ပြုပြီးတဲ့နောက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြောခဲ့တာဖြစ်ပါတယ်။
"အဂတိလိုက်စားမှုတွေကို ထိရောက်စွာ တိုက်ဖျက်ဖို့ဆိုရင် ပြည်ထောင်စုအစိုးရကို တိုက်တွန်းရုံနဲ့ မလုံလောက်ပါဘူး၊ အဂတိကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်ဖို့အတွက် နိုင်ငံတော်အစိုးရ၊ လွှတ်တော်များ၊ အဖွဲ့ အစည်းအသီးသီး၊ မီဒီယာများ၊ ပြည်သူလူထုတစ်ရပ်လုံးက ခိုင်လုံတဲ့အထောက်အထားများနဲ့ တိကျမှန်ကန် စွာဖော်ထုတ်ပြီး တိုင်ကြားကြဖို့ ပန်ကြားအပ်ပါတယ်၊ ဥပဒေကြမ်းကော်မတီအနေနဲ့ အဂတိလိုက်စားမှုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နိုင်ရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြန်လည် စိစစ် လေ့လာသုံးသပ်ပေးပါရန် ပန်ကြားအပ်ပါတယ်"
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးမြဝင်းက နိုင်ငံအတွင်း နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုတွေကို အချိန်အနည်းငယ်နဲ့ ဖြေရှင်းဖို့ဆိုတာ အခက်အခဲရှိကြောင်း လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
အဂတိလိုက်စားမှုတွေ ကျဆင်းလျော့နည်းနိုင်ဖို့အတွက် ထိရောက်စွာကိုင်တွယ် ဖြေရှင်းဆောင် ရွက်ပေးရေး ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက သြဂုတ်လ ၂ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးက ၂ရက်ဆက်တိုက် ထောက်ခံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
စစ်တမ်းတွေအရ အဂတိလိုက်စားမှုရှိတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်ထဲမှာ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အဆင့် ၁၄၇ မှာ ရှိနေတဲ့အတွက် ရှက်စရာကောင်းကြောင်းနဲ့ ဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ တွေဟာ အဂတိလိုက်စားမှု အများဆုံးဖြစ်ကြောင်း ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေး ခဲ့ကြပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂ဝ၁၃ ခုနှစ် သြဂုတ်လမှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့ ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်ကို ၂ဝ၁၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ နဲ့ ကော်မရှင် ဖွဲ့စည်းထားပေမယ့် နိုင်ငံအတွင်း အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် မတိုက်ဖျက်နိုင်ကြောင်းလည်း ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ကြပါတယ်။