အကျင့်ပျက်ခြစားမှုဟာ မြန်မာ့ အကြီးဆုံးပြဿနာဖြစ်နေ
2015.02.10

အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှု ဟာ မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံး ပြဿနာ တစ်ရပ် ဖြစ်နေတယ်လို့ဒီနှစ်ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ စီးပွားရေး စစ်တမ်းတစ်စောင်က ဖေါ်ပြပါတယ်။
OECD ခေါ် ဖွံ့ဖြိုးတိုးတက်ရေး နဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ESCAP ခေါ် ကုလသမဂ္ဂ အာရှ နဲ့ပစိဖိတ်ဒေသ စီးပွားရေး၊ လူမှုရေး ကော်မ ရှင်၊ မြန်မာနိုင်ငံစက်မှုလုပ်ငန်းရှင် နဲ့ကုန်သည်ကြီးများ အသင်း UMFCCI တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြ တဲ့ မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ် စီးပွားရေးစစ်တမ်းမှာ ဖေါ်ပြ ခဲ့တာပါ။
မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာ မှာ အဓိက စိန်ခေါ်နေတဲ့ ပြဿနာ အတားအဆီးပေါင်း (၃၄) ခု ရှိနေပြီး၊ အဲ့ဒီထဲမှာ အကျင့် ပျက်ခြစားမှုက နံပါတ်(၁) နေရာမှာ ရှိနေတယ်လို့ဆိုပါတယ်။
စစ်တမ်းပါ ဖော်ပြချက်တွေအရ အကျင့်ပျက်ခြစားမှု ပြီးရင် နည်းပညာ အားနည်းမှု၊ မြေနေရာ အခက်အခဲ၊ ကြီးမားလှတဲ့ အတိုးနှုန်း၊ ကျွမ်းကျင်လုပ်သားရှားပါးမှု နဲ့ နိုင်ငံရေး မတည်ငြိမ်မှု စတဲ့ ပြဿနာတွေကို အစဉ်လိုက်ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အကျင့်ပျက် ခြစားမှုဟာ အသားကျ အရိုးစွဲနေတဲ့ ပြဿနာ တစ်ရပ် ဖြစ်နေပေမဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဆောင်ရွက်နေတဲ့ အချိန်မှာ နိုင်နိုင်နင်းနင်း တိုက်ဖျက်သင့်ကြောင်း၊ ဒီအတွက် တရားဥပဒေ စိုးမိုးမှု အားကောင်းဖို့ အရေးကြီးပြီး၊ ဥပဒေ နဲ့စည်းမျဉ်းစည်းကမ်းတွေကို အစိုးရရော၊ ပြည်သူတွေပါ လိုက်နာကြဖို့လိုကြောင်း လည်း ဖေါ်ပြထားပါတယ်။