အာဏာသိမ်းနှစ်နှစ်အတွင်း အမျိုးသမီးလေးရာကျော် သေဆုံး

RFA Burmese
2023.02.09
အာဏာသိမ်းနှစ်နှစ်အတွင်း အမျိုးသမီးလေးရာကျော် သေဆုံး ရန်ကုန်မြို့တစ်နေရာမှာ ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်က အမျိုးသမီးများ ဦးဆောင်ဆန္ဒပြစဥ်။
YRF

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်နှစ်နှစ်အတွင်း အမျိုးသမီး ၄၁၄ ဦး သေဆုံးခဲ့ရပြီး ၂၇၇၈ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာအမျိုးသမီးများသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ မြေပြင်သပိတ်တွေ ကို အကြမ်းဖက်ဖြိုခွင်းတာ၊ စစ်ကြောရေးတွေမှာ နှိပ်စက်ညှဉ်းပန်းတာ စတဲ့ အချက်တွေ ကြောင့် အမျိုးသမီး ၄၁၄ ဦးထိ သေဆုံးခဲ့ရတာလို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေထဲက ၂၀၀၀ ကျော်ဟာ သာမန်ပြည်သူတွေ ဖြစ်ပြီး ပညာရေး ဝန်ထမ်း ၃၆၅ ဦး၊ ပါတီနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉၂ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၅၁ ဦးနဲ့ တခြား ကဏ္ဍအသီးသီးက အမျိုးသမီး ၁၀ ဦးကျော် ပါနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ရန်ကုန်တိုင်းအတွင်းမှာ ၇၅၈ ဦးနဲ့ အရေအတွက်အများဆုံး ဖြစ်ပါတယ်။ စစ်ကောင်စီက ရန်ကုန်ကို ပြန်လည်ထိန်းချုပ်နိုင်အောင် အင်အားသုံး နှိမ်နင်းခဲ့တာလို့ ရန်ကုန်မြို့က သပိတ်စစ်ကြောင်းတွေမှာ ပါဝင်ဆန္ဒပြနေတဲ့ အမည် မဖော်လိုသူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက ရန်ကုန်ကို လှုပ်မရအောင် ချုပ်ထားတာပေါ့။ ရန်ကုန်ကျသွားရင် သူတို့ ယန္တရားတစ်ခုလုံး ကျဆုံးပြီဆိုတာ သိတော့ မြေပြင်သပိတ် ဖော်ဆောင်ဖို့ ကြံရွယ်တာနဲ့ ကားနဲ့ကို အသေတိုက်ဖမ်း တော့တာပဲ။ အခုနောက်ပိုင်းဆိုရင် သပိတ်လုပ်ဖို့ကို အတော်လေးသတိထားပြီး စီစဉ်ရတယ်။ ပြီးခဲ့တဲ့ အခေါက်တွေမှာ ကားနဲ့ တိုက်ဖမ်းပြီး ပါသွားတဲ့ ကျမသူငယ်ချင်း မိန်းကလေးတွေဆို အကြမ်းဖက်မှုတွေ အတပ်ခံထားရတာ"

ဒီအချက်အလက်တွေဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းတွေ ဖြစ်တယ်လို့ မြန်မာ အမျိုးသမီးများသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။

စစ်ကြောရေးမှာ ဖမ်းဆီးချုပ်နှောင်ထားစဉ် ကာလအတွင်း စစ်ကောင်စီတပ်သားတွေက အုပ်စုဖွဲ့ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုဟာ ၁၅ မှု အထိရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ထားတာ မရှိသေး ပါဘူး။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။