အနိုင်ရ NLD ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအမှု တရားရုံး အာမခံပေး


2015.12.11

မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ နဲ့ အမှုဖွင့်ခံထားရတဲ့ ကျောက်တန်းမြို့နယ်က အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကို ကျောက်တန်းမြို့နယ်တရားရုံးက ဒီနေ့ ငွေကျပ် တစ်သိန်းနဲ့ အာမခံပေးလိုက်ပါတယ်။ ရဲစခန်းက အာမခံပေးထားပြီးဖြစ်ပေမယ့် တရားရုံးမှာ အာမခံထပ်တင်ရတာဖြစ်တယ်လို့ ဒေါ်အေးမြမြမျိုးက ပြောပါတယ်။

"ဒီနေ့ စစ်တာကတော့ တရားရုံးက အာမခံပေးတဲ့အဆင့်ပါပဲ၊ စစ်တဲ့အဆင့် မဟုတ်သေးဘူးပေါ့၊ တနင်္လာနေ့ကျမှ တရားလိုကို စစစ်မယ်၊ ရဲအမှုဆိုတော့ ရဲကနေ ကျမကို တရားရုံးတင်ပြီးတော့ တရားရုံးမှာ ကျမအာမခံယူရတာပါ"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ကျောက်တန်းမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ မဲဆွယ်စည်းရုံးရေးယာဉ်တန်းနဲ့ အန်အယ်လ်ဒီပါတီရဲ့ မဲဆွယ်စည်းရုံးရေးယာဉ်တန်း ထိပ်တိုက်တွေ့ဆုံရာမှာ အန်အယ်လ်ဒီဘက်က တားဆီးပိတ်ဆို့ထားတယ်ဆိုပြီး ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးမျိုးချစ်က အမှုဖွင့်တိုင်ကြားတာဖြစ်ပါတယ်။

ဦးမျိုးချစ်ဟာ ဒေါ်အေးမြမြမျိုး အပါအဝင် အန်အယ်လ်ဒီပါတီဝင်တွေကို အမှု ၁၉ မှုနဲ့ တရားစွဲဆိုထားတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ကျောက်တန်းမြို့နယ်မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဝန်ကြီး ဦးအုန်းမြင့်ကို မဲ တစ်သောင်းကျော်နဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။