ကိုအောင်ကိုထွေး ကို စွဲချက်တင်ဖို့ တရားရုံးဆုံးဖြတ်


2018.09.05
aungkohtwe-622 ကိုအောင်ကိုထွေး ကို အချုပ်ကားပေါ်မှာ ၂၀၁၈၊ စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၇ နဲ့ စွဲချက်တင် စစ်ဆေးဖို့ ဗိုလ်တထောင်မြို့နယ် တရားရုံးက ဒီနေ့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ကိုအောင်ကိုထွေး အနေနဲ့ ပြစ်မှုကျူးလွန်မိအောင် ဖန်တီးခံတယ်ဆိုတာ တရားရုံးကို ရှင်းရှင်းလင်းလင်း တင်ပြခွင့် ရသွားတဲ့အတွက် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အမှုကို ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ဒါပေမဲ့ အမှန်တရားကိုတော့ ကျနော်တို့ အဆုံးခရီးမှာ ရမယ်လို့ မျှော်လင့်လို့ရတယ်။ စွဲချက်ကို ကျနော်တို့က ကြိုဆိုတယ်။ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး၊ ကျနော်တို့ကလည်း ပြောတော့မယ် အဲဒီအခါကျတော့ ဒါကို ကျနော်တို့လူဟာ ကျူးလွန်တာလား ကျူးလွန်တာဖြစ်အောင်ပဲ စွဲခေါ်သွားတာလား သို့မဟုတ် သိမှုမရှိဘဲနဲ့ ထိခိုက်သွားတာလား ဒါကို ကျနော်တို့က ရှင်းလို့ရသွားပြီ။ အဲဒီအတွက် ကျနော်တို့ကတော့ လက်ခံပါတယ်"

အမှုဖွင့်တိုင်ကြားခဲ့တဲ့ တရားလို ဖြစ်သူ ရဲမှူး မောင်မောင်နဲ့ တရားလိုပြသက်သေ ရဲအုပ် ဝင်းကို တို့ကို ပြန်လည်ခေါ်ယူ စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က တရားရုံးထုတ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တဲ့အတွက် နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရအပြီး နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) နဲ့ အမှုထပ်မံဖွင့်လှစ် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ရုံးထုတ်စစ်ဆေးရာမှာ လက်ရှိ ဒီမိုကရေစီ အစိုးရလက်ထက်မှာ အမှန်တရားဟာ ပျောက်ကွယ်နေတဲ့အကြောင်း သတင်းမီဒီယာသမားတွေအပြင် မီဒီယာကို ဖြေခဲ့တဲ့သူတွေကို ထောင်သွင်းအကျဉ်းချနေတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ကိုအောင်ကိုထွေးက ပြောခဲ့ပါတယ်။

ကိုအောင်ကိုထွေးဟာ တပ်မတော်က ကလေးစစ်သားအဖြစ် စုဆောင်းခဲ့ချိန်က ကြုံတွေ့ရတာတွေကို RFA သတင်းဌာနကို ဖြေကြားခဲ့တဲ့အတွက် အခုလို ထောင်ဒဏ်တွေ ချမှတ်ခံထားရတာ ဖြစ်သလို နောက်ထပ်အမှုတွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မိသားစုဝင်တွေကတော့ လက်ရှိ တရားစီရင်ရေးစနစ်ကို စိတ်ပျက်နေတဲ့အတွက် လွတ်မြောက်ဖို့ မမျှော်လင့်တော့ကြောင်း သတင်းမီဒီယာတွေကို ဖြေခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။